CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့်အား အသက်ကန့်သတ်ချက်ဖြင့် ခွင့်ပြုပေးထားသည့်နောက် PJ  နိုင်ငံကူးလက်မှတ် ကိုင်ထားသူများအနေဖြင့် PV သို့ ပြောင်းလဲလျှောက်ထားခွင့်အား ထပ်မံပိတ်ပင်လိုက်ခြင်း သည် အဖြေမဟုတ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက ထောက်ပြကြသည်။

အမျိုးသားများအပေါ် ပြည်ပထွက်ခွင့် ကန့်သတ်လိုက်သည့် အချိန်မှစ၍ အခြားသော ပြည်ပထွက်ခွာမှုများအပေါ် တင်းကြပ် ဆောင်ရွက်လာနိုင်ဖွယ်ရှိသည်ဟု ကြိုတင်သုံးသပ်ခဲ့ကြောင်း၊ ပြည်ပထွက်ခွာခွင့်အပေါ် လိုက်လံ၍ တင်းကြပ်ထိန်းချုပ်နေခြင်းက အဖြေမဟုတ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နောက်တစ်ခုက နိုင်ငံခြားကို ထင်တာကတော့ အစိုးရကို ဆန့်ကျင်တဲ့လူတွေက တစ်နည်းမဟုတ် တစ်နည်းနဲ့ ဒီကိုထွက်ပြီးတော့ စစ်အစိုးရနဲ့ပတ်သက်တဲ့ဟာတွေ သူတို့ဆန့်ကျင်တဲ့ ကိစ္စတွေလုပ်မှာ၊ ဒီဘက်က အဖွဲ့အစည်းတွေ နိုင်ငံတကာ အသိုင်းအဝိုင်းတွေနဲ့ ပူးပေါင်းပြီးတော့လုပ်မှာ ဒါမျိုးတွေကို သူတို့ စိုးရိမ်လို့ လုပ်တဲ့ ဟာပေါ့။ အဲဒီဟာနဲ့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို သူတို့မလိုလားလို့ပေါ့။ ဒါကတော့ ဘယ်လိုမှ အဖြေမှ မဟုတ်တာ။ ဒီတစ်ခုတည်း မဟုတ်ပါဘူး တခြား ကျန်တဲ့အစိတ်အပိုင်းတွေ အများကြီးရှိပါတယ်။ ပြောမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်မှာ အခြေအနေတွေက စနစ်တကျ ဘာမှမရှိတော့ဘူး အကုန်လုံး ယိုယွင်းသွားပြီလို့ ပြောမယ်ဆိုရင်တောင် ပြောလို့ရတာပေါ့။ တစ်ခုခု ဖြစ်တယ်ဆိုလို့ရှိရင် အမိန့်ပေးပြီးတော့ ပိတ်လိုက်တာ၊ ရပ်လိုက်တာ အဲဒါမျိုးက ပြေလည်သွားတာမှ မဟုတ်တာ။ တတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ ဒါတွေ ဘာကြောင့်ဖြစ်တယ်၊ ဒါမျိုးမဖြစ်အောင် ဘယ်လိုလုပ်မလဲ၊ ဖြစ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ အဲဒီလို မျိုးလုပ်ရမှာ” ဟု ပြောသည်။

ပြည်ပထွက်ဖို့အတွက် လုပ်နေကြသူများကိုတွေ့ရစဉ်

ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သတ်ချက်များကြောင့် PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် PV သို့ ပြောင်းလဲလျှောက်ထားပြီး ပြည်ပနိုင်ငံသို့ ထွက်ခွာရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။

ထို့နောက် ဇွန်လ ၆ ရက်နေ့မှစတင်ကာ PJ နိုင်ငံကူးလက်မှတ် သက်တမ်းရှိသူများအနေဖြင့် PV သို့ ပြောင်းလဲ လျှောက်ထားခွင့်အား ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားဝင်ငွေ ရရှိမှုထဲတွင် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ကြသည့် နိုင်ငံသားများမှာ တစ်ခု အပါအဝင် ဖြစ်သော်လည်း ၎င်း နိုင်ငံခြားဝင်ငွေ ရရှိနေသည့် ဈေးကွက်အပေါ် ကန့်သတ်ပိတ်ပင်နေခြင်းက နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်မှု ရှိနိုင်ကြောင်းလည်း အလုပ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်ကြ သည်။

ပြည်ပထွက်ခွင့်အပေါ် ကန့်သတ်သည့်အခါတွင် မှားယွင်းသော နည်းလမ်းဖြစ်ပါက မိမိပြည်သူသာလျှင် ဒုက္ခရောက်ကြမှာဖြစ်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိကအကြောင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် နည်းလမ်းပေါင်းစုံနဲ့ ကန့်သတ်တာ ဖြစ်တယ်။ ကန့်သတ်တာက နည်းလမ်းမှားတဲ့ အခါကြရင် အထောက်အထားမရှိတဲ့ သူတွေဖြစ်လာ မယ်၊ လူကုန်ကူးမှုတွေ ပိုများလာမယ်။ အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုတွေ ပိုများလာမယ်။ ဒါတွေက စိုးရိမ်စရာဖြစ်တယ်ပေါ့။ အခုလက်ရှိ အခြေအနေအရဆို မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်လူရွယ်တွေ တော်တော် များများက ပတ်စပို့စာအုပ် ရဖို့ကိုပဲ အဓိကဦးတည်ပြီး လုပ်ဆောင်နေရတဲ့အခါ PJ စာအုပ်ပဲရရ၊ PV စာအုပ်ပဲရရ ထွက်ခွာမှာဖြစ်တယ်။ စိုးရိမ်စရာတစ်ခုဖြစ်တာက PV စာအုပ်နဲ့ ထွက်သွားတဲ့အခါကြရင် တရားမဝင် အလုပ်သမား တွေ တော်တော်များများ ဖြစ်ကုန်တာ တွေ့ရတယ်။ ဥပမာ PV နဲ့က အလုပ်လုပ်လို့မရဘူး။ အလုပ် လုပ်လို့မရတဲ့ အခါ PJ ပြောင်းမယ်၊ PJ ပြောင်းလို့ မရဘူးဆိုရင် သာမန်အလုပ်သမား တစ်ယောက်လို အထောက်အထားမရှိတဲ့ လူတွေ ဖြစ်ကုန်မှာ ပိုများလာတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ရွှေ့ပြောင်းအလုပ်သမားတွေ အပေါ်မှာတော့ ခြိမ်းခြောက်လို့ မရနိုင်ဘူးပေါ့” ဟု ပြောသည်။

ပြည်ပအလုပ်သွားလုပ်မည့်သူများကိုတွေ့ရစဉ်

ထို့ပြင် ခွင့်ပြန် ရွှေ့ပြောင်းလုပ်သားများထဲမှ ပြည်ပအလုပ်အကိုင်သက်သေခံကဒ် (OWIC) မရှိသူများအနေဖြင့် ပြည်ပမှာရှိစဥ်က လစဥ်မိသားစုထံ လွှဲပို့ငွေ အထောက်အထား ပြသနိုင်မှသာ ၎င်းကဒ်အား ထုတ်ပေးမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ထိုကဒ်ရရှိမှသာ ပြည်ပသို့ ပြန်လည်ထွက်ခွာနိုင်မည်ဖြစ်ပြီး မိသားစုထံ ပြည်ပမှ တရားဝင် လွှဲထားခြင်းမရှိသူများ အနေဖြင့် International money transfer များဖြစ်သည့် Western Union ၊ IME ၊ RIA ၊ Money Gram စသည့် တရားဝင် ငွေလွှဲလုပ်ငန်းများမှ မိမိထံ ပြည်ပရှိ အလုပ်ရှင် သို့မဟုတ် မိတ်ဆွေတဦးဦးမှ တရားဝင်ငွေလွှဲထားသော  အထောက်အထားပြနိုင်ပါက ရနိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ လွှဲပို့ရာတွင် ဥပမာအနေဖြင့် ထိုင်းပြန်ဆိုပါက လစာ ကျပ် ၈ သိန်းရပါက လစာ၏ ၂၅ ရာခိုင်နှုန်း တစ်လလွှဲပို့ရမည့် ငွေပမာဏ ၂ သိန်းဖြစ်ပြီး ၈ သိန်းလွှဲထားပါက ၄ လစာ အကျုံးဝင်မည် ဖြစ်ကြောင်း သိရသည်။