CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၈
ပြီးခဲ့သည့်နှစ်တွင် ပြောင်းဈေးနှုန်း ကျဆင်းခြင်းနှင့် တချို့သော ပြောင်းစိုက်ဒေသမှာ နယ်မြေတည်ငြိမ်မှု မရှိသည့် အတွက် ယခုနှစ်၌ ပြောင်းစိုက်ပျိုးမှုနှုန်း ထက်ဝက်ခန့် လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းထံ မှ သိရသည်။
ပြီးခဲ့သည့်နှစ် ပြောင်းရာသီတွင် ပြောင်းဈေးနှုန်းသည် တစ်ပိဿာလျှင် ၁၀၀၀ ကျပ်အထိ ကျဆင်းသွားသည့် အတွက် တောင်သူတချို့ အရှုံးနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း လက်နက် ကိုင် ပဋိပက္ခများကြောင့် ပြောင်းစိုက်ပျိုးမှု ၆၀ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သလို ဧရာဝတီတိုင်း ဒေသကြီးတွင် ၅၀ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု သိရသည်။
ပြောင်းနေရာတွင် ပဲမျိုးစုံကို ပြောင်းလဲစိုက်ပျိုးလာသည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ပြောင်း စိုက်ဧက ထက်ဝက်အထိ လျော့ကျသည့် အနေအထား ဖြစ်နေသည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းကုန် သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ပြောင်းခင်းကိုတွေ့ရစဉ်
၎င်းက “လျော့တယ် ပြောင်းစိုက်ဧကက။ အထွက်နှုန်း လျော့တာ မဟုတ်ဘူး၊ စိုက်ဧက လျော့တာ။ ပြောင်းနေရာ မှာ ပဲတွေ များများစားစား ဝင်လာတယ်။ ပြောင်းက ဘာဖြစ်လို့ မစိုက်လဲဆိုတော့ ပြောင်းက မနှစ်က ပြောင်း သမားတွေက သူတို့ရောင်းတဲ့ အချိန်မှာ ပြောင်းဈေးနှုန်းက ဆင်းနေတော့လေ ဈေးကွက်ကို သူတို့က နည်းနည်း ကြောက်သွားတာပေါ့။ မနှစ်က ပုံစံအတိုင်းဆို ဒီနှစ်က သွင်းအားစုနဲ့ မနှစ်က ဖြစ်တဲ့ဈေးနဲ့ဆိုရင် သူတို့က အမြတ် မရဘူး၊ အရင်းလောက်ပဲဆိုတော့ ပြောင်းကို လျှော့ကြတာလည်း ပါတယ်။ တစ်ဝက်နှုန်းလောက်ကို လျော့တာ ဧရာဝတီကလေ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကို လျော့တာ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို ထက်ဝက် လောက်ကို လျော့တာ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ဆောင်းပြောင်းစိုက်ဧက ၄ သိန်း ဝန်းကျင်ရှိပြီး ဧရာဝတီဒေသကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် တို့တွင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ပြောင်းဈေးနှုန်းသည် မျှော်မှန်းထားသည်ထက်ပိုနေပြီး တစ်ပိဿာလျှင် ၁၅၀၀ ကျပ် ရှိသည့်အတွက် တောင်သူများ အကျိုးအမြတ်ရှိသည့် ဈေးနှုန်း ဖြစ်နေသည်ဟု သိရသည်။
သို့သော်လည်း ပြောင်းဈေးနှုန်း ကောင်းမကောင်းသည် လမ်းပန်းဆက်သွယ်ရေး အခြေအနေပေါ်တွင်လည်း မူတည်သည်ဟု ပြောင်းကုန်သည် ကိုမင်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပုံမှန်အတိုင်းဆိုရင်တော့ မနှစ်က ထွက်အား တအားများတယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတဲ့ အခါမှာ ရှုံးသွားတာလည်း ရှိတယ်။ ဒီနှစ်က ကုန်ထွက်နှုန်းတွေ နည်းလာမယ်၊ ဝယ်လိုအားတွေ များလာမယ် ဆိုရင်တော့ ဈေးကတော့ ထိုက်သင့်သလောက်တော့ အကျိုးအမြတ် ရှိမှာပေါ့လေ။ ဒါပေမယ့်လည်း တရားသေ ကြီးတော့ မှန်းလို့ မရဘူး။ သူကလည်း လမ်းပန်းဆက်သွယ်ရေးနဲ့လည်း ဆိုင်သေးတာကိုး။ အဲဒီလိုကြီးလည်း မှန်းလို့မရဘူး။ စိုက်အားနည်းတိုင်းလည်း ကောင်းချင်မှ ကောင်းတာလေ။ လမ်းပန်းဆက်သွယ်ရေး အနေအထား ရှိသေးတယ်။ စိုက်တဲ့ပြောင်းသမားတွေကတော့ မနှစ်ကထက်စာရင် နည်းနည်းတော့ တောင်သာမှု ရှိသေးတယ် ပေါ့လေ။ အခုတောင်မှပဲ တစ်ပိဿာ ၁၅၀၀ ကျော်ကျော်လောက် ရှိနေတာဆိုတော့ အခုဈေးနှုန်းနဲ့ တွက်ထားရင် တောင် သူတို့အတွက် အမြတ်ကတော့ တစ်ဝက်လောက်တော့ ကျန်တာပေါ့၊ ကိုယ့်ဘာသာကိုယ် နုတ်တာပြုတာ ဘာညာနဲ့ဆို တစ်ဝက်လောက်တော့ ကျန်တယ်” ဟု ပြောသည်။
မြန်မာ့ပြောင်းကို တွေ့ရစဉ်
လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ရမည့်ကာလ ရောက်ရှိ တော့မည် ဖြစ်သည့်အတွက် မြန်မာပြောင်းကုန်သည်များသည် ပြင်ဆင်နေကြပြီဖြစ်သည်။
ပြောင်းကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်ပြီး တာချီလိတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ သော်လည်းကောင်း၊ မြဝတီ ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်ပါက ထိုလမ်းကြောင်းဘက်က သွားရန် စီစဉ်နေ ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်ဆိပ်ကမ်းမှ ကော့သောင်း - ရနောင်း ပင်လယ်ရေကြောင်းလမ်းမှ သွားရန်လည်း စီစဉ်ထား ကြောင်း သိရသည်။
ပြည်တွင်း၌ ပြောင်းသည် စိုက်ပျိုးထွက်ရှိမှု ပမာဏအားဖြင့် ဆန်ပြီးလျှင် ဒုတိယအများဆုံး ထွက်ရှိသော ထုတ်ကုန်ဖြစ်ပြီး ပြည်ပသို့တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိမှုကို နှိုင်းယှဉ်ပါက ပဲမျိုးစုံနှင့် ဆန်ပြီးလျှင် ပြောင်းသည် တတိယ အများဆုံးဖြစ်သည်။
လက်ရှိပြည်တွင်း၌ တစ်နှစ်လျှင် ပြောင်းထုတ်လုပ်မှု ပမာဏ မက်ထရစ်တန်ချိန် ၃ ဒသမ ၂ သန်းခန့် ရှိသည့် အနက် တန်ချိန် ၂ ဒသမ ၂ သန်းခန့်ကို ပြည်ပသို့တင်ပို့ပြီး ကျန်တန်ချိန် ၁ သန်းခန့်ကို ပြည်တွင်း၌ သုံးစွဲကြောင်း သိရသည်။