CNI News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇

ကြံစိုက်ဧက အများဆုံးရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သကြားစက်များသည် လက်ရှိအချိန်ထိ လည်ပတ်မည်၊ မလည်ပတ်မည်ကို တိတိကျကျ မသိရသေးကြောင်း တောင်သူများထံမှ သိရသည်။

အကယ်၍ စစ်ကိုင်းတိုင်းဒေသကြီးမှ သကြားစက်များ မလည်ပတ်ပါက ကြံတန်ချိန် ၁၀ သိန်းကျော် အလေအလွင့် ဖြစ်သွားမည်ဖြစ်သည့်အတွက် ကြံစိုက်တောင်သူများ ဆုံးရှုံးမှု ကြီးမားသည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက် ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက ပြောသည်။

သကြားစက်များတွင် ယခင်နှစ်က ထုတ်လုပ်ထားသည့် သကြားများနှင့် တင်လဲရည်များသည် လမ်းကြောင်း အခြေအနေများကြောင့် သယ်ဆောင်၍ မရသည့်အတွက် သကြားစက်များတွင် လက်ကျန် အများအပြား ရှိနေကြောင်း၊ ထိုအခက်အခဲကို နှစ်ဖက်အဖွဲ့အစည်းများက ဖြေရှင်းပေးမှသာလျှင် တောင်သူများအတွက် အဆင်ပြေမည်ဟု ၎င်းက CNI သတင်းဌာနသို့ ပြောသည်။

 မြဘုရင်သကြားစက်ရုံကို တွေ့ရစဉ်

ဦးဝင်းဋ္ဌေးက “တောင်သူတွေက သေချင်အောင် စိတ်ညစ်နေကြပြီ။ တော်တော်စိတ်ညစ်နေပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က စက်လည်မှာလား၊ မလည်ဘူးလားဆိုတာ ကွဲကွဲပြားပြား ဆုံးဖြတ်ချက် မပေးသလို ဖြစ်နေတာ ပေါ့နော်။ အဲဒီတော့ စက်မလည်ဘူးဆိုရင် ဒီကြံက ဘာလုပ်ပစ်မလဲဆို မီးရှို့ပစ်ရမယ်။ အဲဒီတော့ ဆုံးရှုံးမှုက အရမ်း ကြီးမားတာပေါ့။ စာမချုပ်ဘူး၊ ကြိုတင်ငွေလည်း မပေးဘူး၊ စာလည်း မချုပ်ဘူး အဲဒီလို ပုံစံမျိုးပေါ့။ သူတို့ကလည်း အခက်အခဲက ဘာလဲဆိုတော့ အရင်နှစ်က သကြားတွေလည်း သူတို့ဂိုဒေါင်မှာ ရှိတယ်။ တချို့ကလည်း အရင်နှစ် က တင်လဲရည်ပေါ့နော် တင်လဲရည်တွေက သယ်ယူလို့မရလို့ လမ်းကြောင်းကြောင့် သယ်ယူလို့မရတဲ့ ပြဿနာက သူတို့ အခက်အခဲလို့ အဲဒီလိုတော့ သိရတယ်၊ ကြားရတာပေါ့နော် ဒါကတော့ အတိအကျ မသိရဘူး။ အဲဒီလို ကြား ရတဲ့ အခါကျတော့ ဒီဟာကို ဝိုင်းဝန်းဖြေရှင်းပေးမှပဲ အဆင်ပြေမှာပေါ့နော်။ အဲဒါကတော့ ဒီဘက်ကရော၊ ဟိုဘက် က အဖွဲ့အစည်းတွေ ဖြေရှင်းပေးမှပဲ ဒီတောင်သူတွေရဲ့ အခက်အခဲကတော့ ပြေလည်နိုင်မှာပေါ့။ တန်ချိန် ၁၀ သိန်းကျော်လောက် အလေအလွင့် ဖြစ်သွားမှာပေါ့ တခြားစက် မကြိတ်ဝါးဘူးဆိုရင်” ဟု ပြောသည်။

ကြံကို လာမည့် ဒီဇင်ဘာ လဆန်းပိုင်းတွင် ကြိတ်ခွဲလေ့ရှိသော်လည်း ကြံစိုက်ပျိုးမှု အများဆုံးဖြစ်သည့် စစ်ကိုင်း တိုင်းဒေသကြီး၌ လက်ရှိအချိန်ထိ သကြားစက်များက ကြံဈေးနှုန်းများ သတ်မှတ်ပေးခြင်း မရှိသေးသည့်အပြင် ကြိုတင်ငွေများလည်း ထုတ်မပေးသေးသည့်အတွက် တောင်သူများမှာ အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။

ကြံစိုက်ခင်းကိုတွေ့ရစဉ်

ကြံခုတ်ခများ၊ ကြိုတင်ငွေများ ထုတ်မပေးသေးသည့်အတွက် တောင်သူများ အလုပ်သမား ငှားရမ်းရန်အတွက် အခက်အခဲ ဖြစ်နေကြောင်း၊ ထိုအပြင် ထပ်မံ၍ ကြံစိုက်ပျိုးမှုများ မပြုလုပ်နိုင်သည့် အခြေအနေ ဖြစ်နေသည်ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ကြံစိုက်တောင်သူ ဦးမောင်ဆွေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကြံဈေးနှုန်းတွေက မသတ်မှတ်သေးပါဘူး အထက်ပိုင်းက စက်တွေက။ အခုက စက်တွေက စာချုပ် ချုပ်လို့တောင်မှ မပြီးသေးဘူး။ ကြိုတင်ငွေလည်း မပေးသေးဘူး။ ပုံမှန်ဆို ကြာပြီလေ ပေးတာက။ ကြံတောင်မှ ခုတ်ရတော့မှာကိုး။ အခုချိန်ထိ တောင်သူတွေလည်း ဒီအတိုင်းပဲ။ ခက်ခဲတာပေါ့နော်။ စိုက်ပျိုးမယ့်ဟာတောင် မစိုက်နိုင်ဘူး။ ကြိုတင်ငွေမရတော့ ထောင်စိုက်တွေလည်း မစိုက်နိုင်။ တောင်သူတွေက အကုန်ခက်ခဲတာပေါ့ ကြိုတင်ငွေမရတော့။ ခါတိုင်းဆို ခုတ်စရိတ် ပေးနေပြီပေါ့။ အခုက ကြိုတင်ငွေလည်း မပေးဘူး။ ခုတ်စရိတ်လည်း အခုချိန်ထိ မပေးသေးဘူး။ ကြံခုတ်ဖို့ တောင်သူတွေက အလုပ်သမား ငှားရတာကိုး။ အလုပ်သမား ငှားဖို့ ပြုဖို့ ကြိုတင်ငွေ မရသေးဘူး။ ခက်ခဲတာပေါ့” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ MSC သကြားစက်တစ်လုံးသာ ကြိုတင်ငွေအဖြစ် တစ်ဧကလျှင် ၂ သောင်းခွဲကျပ် ထုတ်ပေးထားသော်လည်း ကြံဈေးနှုန်း သတ်မှတ်ပေးထားခြင်း မရှိကြောင်း သိရသည်။

ထိုသကြားစက်သည်လည်း ကြံတန်ချိန် ၂ သိန်းခန့်သာ ကြိတ်ခွဲနိုင်သည်။ 

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ မြဘုရင် သကြားစက်တစ်လုံးသာ ကြံဈေးတန်း ဖွင့်ပေးထားပြီး ကြံတစ်တန်ကို ၂ သိန်းကျပ်ဖြင့် ဝယ်ယူမည်ဟု သိရသည်။