CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇
ဘရာဇီးလ်အသင်းဟာ ၂၀၂၅ ခုနှစ်ထဲ နောက်ဆုံး ယှဉ်ပြိုင်မယ့် ပွဲစဉ်တွေအဖြစ် ဥရောပမှာ ဆီနီဂေါ၊ တူနီးရှား အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မယ်လို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF) က ကြေညာခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ ဆီနီဂေါအသင်းနဲ့ နိုဝင်ဘာ ၁၅ ရက် အမ်းမရိတ်ကွင်း၊ နောက် ၃ ရက်အကြာမှာ တူနီးရှား အသင်းနဲ့ ပြင်သစ်မှာ ခြေစမ်းပွဲယှဉ်ပြိုင်မှာပါ။
ဆီနီဂေါအသင်းနဲ့ တူနီးရှားအသင်းတို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထားတဲ့ အသင်းတွေဖြစ်လို့ ပြိုင်ပွဲမတိုင်မီ အာဖရိကအသင်းတွေနဲ့ ယှဉ်ပြိုင်တာဟာ ဘရာဇီးလ်အသင်းအတွက် အဖိုးတန်တဲ့ အတွေ့အကြုံ တွေ ရမယ်လို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ နိုင်ငံတကာပွဲတွေမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထား တဲ့ တောင်ကိုရီးယား၊ ဂျပန်အသင်းတို့နဲ့ အာရှမှာ ခြေစမ်းပွဲ ယှဉ်ပြိုင်ခဲ့တာပါ။
ဘရာဇီးလ်အသင်းကို တွေ့ရစဉ်
ဘရာဇီးလ်အသင်းဟာ တောင်ကိုရီးယားအသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် ဂျပန်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ ဂျပန်အသင်းကို ပထမဆုံးအကြိမ် အရေးနိမ့်ခဲ့ပြီးနောက် သူတို့အတွက် သင်ခန်းစာတွေ ရခဲ့တယ်လို့ နည်းပြအန်ဆယ်လော့တီက ပြောခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ခုနှစ်၊ မတ်လထဲ ယှဉ်ပြိုင်မယ့် ခြေစမ်းပွဲတွေကိုတော့ အမေရိကန်နိုင်ငံမှာ ဥရောပ ထိပ်သီးနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၅ ကြိမ် ရရှိထားပြီး အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေပေမယ့် ၂၀၀၂ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီး နောက်ပိုင်း အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့တာပါ။
ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ကွာတားဖိုင်နယ် အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့အတွက် အန်ဆယ်လော့တီကို နည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး အန်ဆယ်လော့တီကလည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းကို ချန်ပီယံဖြစ်အောင် ကိုင်တွယ်ပေးဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။
Source: CNA