CNI International News
ဂူဝါဟတီ၊ ဒီဇင်ဘာ ၁၂
တရုတ်သည် ဘူတန်နိုင်ငံအတွင်းရှိ အငြင်းပွားဖွယ် နယ်မြေအတွင်း ကျေးရွာများ တည်ဆောက်ခဲ့ကြောင်း ဂြိုဟ်တု ဓာတ်ပုံအသစ်များထဲတွင် မြင်တွေ့ရသဖြင့် ဒေသတွင်းစိုးရိမ်မှုများ မြင့်တက်ခဲ့သည်ဟု NorthEast Now မှ ဖော်ပြခဲ့သည်။
ထုတ်ပြန်ခဲ့သည့် ထိုဂြိုဟ်တု ဓာတ်ပုံများထဲတွင် ဘူတန်နိုင်ငံ အရှေ့ပိုင်း၌ တည်ရှိသည့် ဂျာကာလန်း တောင်ကြား (Jakarlung Valley) မှာ အဆောက်အအုံသစ်များကို မြင်တွေ့ရသည်ဟု တရုတ်၏ နယ်နိမိတ်ပိုင်ဆိုင်မှု ထွက်ဆို ခြင်းများကို စောင့်ကြည့်လေ့လာသည့် ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ဒေမီယန် ဆိုင်မွန် (Damien Symon) က ပြော သည်။
ထိုအဆောက်အအုံ ဆောက်လုပ်ရေးများထဲတွင် လူနေအိမ်များ၊ လမ်းများနှင့် အခြား အခြေခံ အဆောက်အအုံ များလည်း ပါဝင်သည်။
ဘူတန်သည် တရုတ်နှင့် ဆက်ဆံရေး မြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် ထိုဆောက်လုပ်ရေး လုပ်ငန်းအသစ်များ လုပ်ဆောင်နေသည့် ဂြိုဟ်တုဓာတ်ပုံများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အောက်တိုဘာလကလည်း ဘူတန်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက် ခဲ့သည်။
ဘူတန် ဘုရင်နဲ့မိဖုရားကိုတွေ့ရစဉ်
မည်သို့ပင်ဆိုစေ ဘူတန်သည် ဒေသတွင်း တရုတ်၏ အဓိကပြိုင်ဘက်ဖြစ်သည့် အိန္ဒိယနှင့်လည်း နီးစပ်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။
ဂျာကာလန်းတောင်ကြားတွင် ဆောက်လုပ်ရေး လုပ်ငန်းသစ်များ ပြုလုပ်နေခြင်းသည် အိန္ဒိယအတွက်လည်း စိုးရိမ်မှုများကို မြင့်တက်စေဖွယ်ရှိသည်။
အိန္ဒိယသည် ဘူတန်အပေါ် တရုတ်၏ မြင့်တက်နေသည့် သြဇာလွှမ်းမိုးမှုများအပေါ် ကာလကြာရှည် စိုးရိမ်နေပြီး ဒေသတွင်း ပိုနေမြဲကျားနေမြဲ အခြေအနေကို ဆက်လက်ထိန်းသိမ်းရန် ဆန္ဒရှိနေသည်။
ဘူတန်တွင် တရုတ်၏ ဆောက်လုပ်ရေး လှုပ်ရှားမှုများသည် အငြင်းပွားဖွယ် နယ်မြေများတွင် ရှိရင်းစွဲနယ်မြေ အနေအထားကို ပြောင်းလဲခြင်းမပြုရန် တရုတ်နှင့် ဘူတန်ကြား ၁၉၉၈ ခုနှစ် သဘောတူညီချက်ကို ချိုးဖောက် ခြင်းဟု ရှုမြင်နိုင်သည်။
လက်ရှိအချိန်အထိ ဂျာကာလန်းတောင်ကြားတွင် ဆောက်လုပ်ရေး လုပ်ငန်းသစ်များ ပြုလုပ်နေသည့် တရုတ်၏ ရည်ရွယ်ချက်များကို ရှင်းလင်းစွာ မသိရသေးပေ။
Source: NorthEast Now