CNI International News
ပြုံယမ်း၊ မတ်လ ၁၂
တရုတ်နိုင်ငံ ဘေဂျင်း (Bejing) မြို့တော်နှင့် မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်း (Pyongyang) မြို့တော်ကြား ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မတ်လ ၁၂ ရက်တွင် ခရီးသည်တင်ရထား ပြေးဆွဲသွား မည်ဖြစ် ကြောင်း CNA မှ ဖော်ပြခဲ့သည်။
ထိုရထားခရီးစဉ်အတွက် ကြိုတင်ရောင်းချသည့် လက်မှတ်များသည် မတ်လ ၁၀ ရက်ကတည်းက အကုန် ရောင်းထွက်သွားပြီဖြစ်ကြောင်း ဘေဂျင်းရှိ လက်မှတ်အရောင်းဌာနက ပြောကြားခဲ့သည်။
ထိုအစီအစဉ်သည် ၂၀၂၀ ပြည့်နှစ် COVID-19 ကပ်ရောဂါ စတင်ကတည်းက ရပ်နားထားခဲ့သည့် ရထားပို့ဆောင် ရေး လုပ်ငန်းကို ပြန်လည် စတင်ခြင်းဖြစ်ပြီး နိုင်ငံတကာနှင့် အဆက်အသွယ် ဖြတ်ထားသော မြောက်ကိုရီးယား နှင့် ၎င်း၏ အဓိက စီးပွားရေး မဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံကြား အရေးပါသော လမ်းပန်းဆက်သွယ်ရေးကို ပြန်လည် အသက်သွင်းလိုက်ခြင်း ဖြစ်သည်။
စီးပွားရေးဗီဇာ ကိုင်ဆောင်ထားသူများသာ စီးနင်းခွင့်ရှိသည့် ယခုခရီးစဉ်အတွက် ရထားလက်မှတ်များကို စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရအရာရှိများနှင့် သတင်းထောက်များက ဝယ်ယူခဲ့ကြကြောင်း ဘေဂျင်း လက်မှတ် အရောင်းဌာနက ပြောသည်။
ထို့ပြင် မတ်လ ၁၈ ရက်နေ့တွင် ပြေးဆွဲမည့် နောက်ထပ် ခရီးစဉ်အတွက် လက်မှတ်များ ကျန်ရှိနေသေးသည်ဟု ဆိုသည်။

ခရီးသွားရထားကို တွေ့ရစဉ်
ဘေဂျင်းနှင့် ပြုံယမ်းကို ပြေးဆွဲမည့် ရထားခရီးစဉ်များကို တစ်ပတ်လျှင် ၄ ကြိမ် (တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး နှင့် စနေ) အသွားအပြန် ပြေးဆွဲမည်ဖြစ်ပြီး တန်တုံး (Dandong)-ပြုံယမ်း ရထားလမ်းကြောင်းကိုမူ နေ့စဉ် ပြေးဆွဲ သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ရထားပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
မတ်လ ၁၂ ရက်နေ့တွင် စတင်မည့် ရထားခရီးစဉ် ပြန်လည်ပြေးဆွဲမှုသည် တရုတ်နှင့် မြောက်ကိုရီးယားအကြား ခရီးသွားလာမှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင် ပေးနိုင်လိမ့်မည်ဟု ဆို သည်။
ထို့ပြင် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် အကျိုးစီးပွား ဖြစ်ထွန်းမှုတို့ကို အားကောင်းစေလိမ့် မည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားသည် ပြည်ပမှ ကမ္ဘာလှည့် ခရီးသွားများအတွက် လက်ရှိအချိန်အထိ လာရောက် လည်ပတ်ခွင့် ပိတ်ထားဆဲဖြစ်ပြီး၊ ကန့်သတ်ချက်များဖြင့် ခွင့်ပြုထားသည့် ရုရှားခရီးသွား အဖွဲ့အချို့မှလွဲ၍ ကျန်နိုင်ငံခြားသား များကို ခွင့်မပြုသေးကြောင်း ခရီးသွားအေဂျင်စီများက ပြောကြားခဲ့သည်။
ကိုဗစ်ကပ်ရောဂါ မတိုင်မီ မြောက်ကိုရီးယားသို့ လာရောက် လည်ပတ်သည့် ပြည်ပခရီးသွားများအနက် တရုတ်ခရီးသွားများသည် အများဆုံးဖြစ်ခဲ့ကြောင်း ခရီးသွားအေဂျင်စီများက ပြောကြားခဲ့သည်။
Source: CAN
