CNI International News
ဘန်ကောက်၊ မတ်လ ၁၁
၂၀၂၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့သည့် ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ၂၀၂၄ ခုနှစ်တွင် ထိုင်းသို့ ရုရှားနိုင်ငံသား ၁ ဒသမ ၇၄ သန်းအထိ ဝင်ရောက်လာပြီး ခရီးသွားများကြား ရေပန်းစားသည့် မြို့များရှိ အိမ်ခြံမြေဈေးကွက်ကို သိသိသာ သာ ရိုက်ခတ်ခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ယခုအခါတွင်လည်း ပိုမို ပြင်းထန်လာသော ပထဝီနိုင်ငံရေး ပဋိပက္ခများကြားတွင် ဘေးကင်းသည့် နေရာများကို ရှာဖွေနေသော ပြည်ပနိုင်ငံသားများ အလုံးအရင်းနှင့် ဝင်ရောက်လာမည့် အခြေအနေအတွက် ထိုင်းခရီးသွား လုပ်ငန်း အနေဖြင့် ပြင်ဆင်ထားသင့်သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
လက်ရှိ ဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်း ပဋိပက္ခသည် ရုရှား-ယူကရိန်း စစ်ပွဲကို ပြန်လည် သတိရစေခဲ့ပြီး ကာလတို ရိုက်ခတ်မှုအနေဖြင့် စက်သုံးဆီဈေးနှုန်းများ၊ နိုင်ငံတကာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းများကို မြင့်တက်စေခဲ့သည်။
ထို့ကြောင့် ခရီးဝေးသွားလာရသည့် ဈေးကွက်များကို ထိခိုက်စေနိုင်ကြောင်း ထိုင်းနိုင်ငံ စက်မှုဇုန်အာဏာပိုင်အဖွဲ့ (IEAT) ၏ ဥက္ကဋ္ဌဖြစ်သူ ယူသာဆက် ဆူပါဆွန်း (Yuthasak Supasorn) က ပြောကြားခဲ့သည်။

အီရန် ခရီးသွားများကို တွေ့ရစဉ်
ဥရောပနှင့် အာရှကြား ပျံသန်းနေသော လေကြောင်းလိုင်းများသည် ရုရှားလေပိုင်နက် ပိတ်သိမ်းမှုနှင့် လမ်းကြောင်းလွှဲ ပျံသန်းရမှုများကြောင့် စက်သုံးဆီသုံးစွဲမှု ပျမ်းမျှ ၁၄ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး မြောက်အမေရိကနှင့် အာရှကြား ခရီးစဉ်များတွင်လည်း ဆီသုံးစွဲမှု ၉ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ၂၀၂၂ ခုနှစ်တွင် လေယာဉ်ဆီ ဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၅၀ အထိ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ခြင်းက အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်ဟု ဆိုသည်။
ရုရှား-ယူကရိန်း စစ်ပွဲသည် လေကြောင်းလိုင်းများ၏ ရေရှည် ကုန်ကျစရိတ် မြင့်တက်ပုံစံကို ထိခိုက်စေခဲ့ သော်လည်း၊ အရှေ့အလယ်ပိုင်း ပဋိပက္ခမှာမူ ဒေသတွင်း လေကြောင်းပျံသန်းမှု အစီအစဉ်များအပေါ် ချက်ချင်း လက်ငင်း အနှောင့်အယှက်များ ဖြစ်ပေါ်စေခဲ့ကြောင်း ယူသာဆက်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအတွင်း ခရီးသွားများကို တွေ့ရစဉ်
လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းရှိ နိုင်ငံအတော်များများတွင် လေပိုင်နက်များကို အရေးပေါ် ပိတ်သိမ်းမှုများ အကြိမ်ကြိမ် ပြုလုပ်နေရသည်။
ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် ထိုင်းနိုင်ငံတို့ကို ဆက်သွယ်ပေးထားသည့် အဓိက လေကြောင်းလိုင်းများဖြစ်သော အီးမရိတ်စ် လေကြောင်းလိုင်း(Emirates)၊ အီတီဟတ် လေကြောင်းလိုင်း(Etihad Airways)၊ ကာတာ လေကြောင်း လိုင်း(Qatar Airways)၊ တူရကီ လေကြောင်းလိုင်း(Turkish Airlines)၊ ဖလိုင်းဒူဘိုင်း လေကြောင်းလိုင်း(Flydubai) နှင့် အိုမန် (Oman Air) လေကြောင်းလိုင်းများသည် အန္တရာယ်ရှိသော နယ်မြေများကို ရှောင်ကွင်းပျံသန်းနိုင်ရန် လေယာဉ်လမ်းကြောင်းများအား စီမံခန့်ခွဲရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
အီရန်နိုင်ငံ၏ မဟာ(Mahan Air)လေကြောင်းလိုင်းသည်လည်း အီရန်လေပိုင်နက် ပိတ်လိုက်ရချိန်တွင် ဘန်ကောက်နှင့် ဖူးခက်သို့ တိုက်ရိုက်ပျံသန်းသည့် ခရီးစဉ်များကို ယာယီရပ်နားခဲ့ရသဖြင့် အီရန်ခရီးသွား ဈေးကွက်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ရသည်။
Source: ဘန်ကောက်ပို့စ်
