CNI International News
နယူးယောက်၊ မတ်လ ၅
အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် ခရီးသွား လုပ်ငန်းများ ကမောက်မက ဖြစ်ခဲ့ရပြီး လူပေါင်းသောင်းနှင့်ချီ၍ သောင်တင်နေကြောင်း အေပီမှ ဖော်ပြခဲ့သည်။
တိုက်ပွဲများမှာ ဆက်လက် ပြင်းထန်နေဆဲဖြစ်သဖြင့် လာမည့်ရက်ပိုင်း သို့မဟုတ် သီတင်းပတ်များအတွင်း လေကြောင်းခရီးစဉ်များသည် ထပ်မံဖျက်သိမ်းရမည့် အခြေအနေတွင် ရှိနေသည်။
အထူးသဖြင့် ပင်လယ်ကွေ့နိုင်ငံများတွင် အီရန်၏ တုန့်ပြန် တိုက်ခိုက်မှုများကြောင့် စစ်ပွဲကျယ်ပြန့်လာသည်နှင့် အမျှ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
အရှေ့အလယ်ပိုင်းဒေသနှင့် ပင်လယ်ကွေ့ရှိ လေဆိပ်များသည် ဥရောပ၊ အာဖရိကနှင့် အာရှသို့ သွားရောက်မည့် ခရီးသွားများကို ဆက်သွယ်ပေးထားသော အလွန်အရေးပါသည့် ဗဟိုချက်များလည်း ဖြစ်သည်။
ဒေသတွင်း လေပိုင်နက်များ ပိတ်ထားရခြင်းကြောင့် လေကြောင်းလိုင်း အများစုမှာ ခရီးစဉ်များကို ဖျက်သိမ်းခြင်း သို့မဟုတ် ဝေးလံသော လမ်းကြောင်းသစ်များအား ပြောင်းလဲပျံသန်းခြင်းတို့ကို လုပ်ဆောင်နေရသည်။

လေကြောင်းလိုင်းများကို ကြည့်နေစဉ်
ထို့ကြောင့် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်နှင့် လေယာဉ် လက်မှတ်ခ ဈေးနှုန်းများ ပိုမိုမြင့်တက်စေသလို စစ်ပွဲ ကာလ ပိုမိုကြာရှည်လာပါက လောင်စာဆီဈေးနှုန်း ပိုမိုပေးဆောင်ရမည်ဖြစ်သဖြင့် လက်မှတ်ဈေးများ ပိုပြီးမြင့် တက် လာနိုင်သည်။
လတ်တလော အခြေအနေများအရ မလိုအပ်ဘဲ ခရီးသွားခြင်း မပြုရန်၊ ခရီးစဉ်များကို ရွှေ့ဆိုင်းရန်၊ လက်မှတ်ခ များ ပြန်လည်ရယူရန် သို့မဟုတ် အာမခံ မူဝါဒများကို စစ်ဆေးရန်နှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ သတိပေးချက် များကို စောင့်ကြည့်လေ့လာရန် ကျွမ်းကျင်သူများက အကြုံပြုထားသည်။
“ဒါက ပုံမှန် လေယာဉ်နောက်ကျတဲ့ ဖြစ်စဉ်မျိုး မဟုတ်ပါဘူး။ ဒါက ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသရဲ့ လေပိုင်နက် လုံခြုံရေးအခြေအနေ ဖြစ်ပါတယ်”ဟု လေကြောင်းဘေးကင်းလုံခြုံရေးဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်သူ ဟတ်ဆန် ရှာဟီဒီ (Hassan Shahidi) က ပြောကြားခဲ့သည်။
လေကြောင်းသွားလာမှု ရပ်ဆိုင်းခြင်းများ၊ လေကြောင်းလိုင်းများ၊ လေဆိပ်များနှင့် အစိုးရများက ထုတ်ပြန်ခဲ့သည့် လမ်းညွှန်ချက်များသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနိုင်ကြောင်း၊ ထို့ကြောင့် ခရီးသွားများအနေဖြင့် သက်ဆိုင်ရာ လမ်းညွှန်ချက်များကို မျက်ခြေမပြတ် စောင့်ကြည့်သင့်ကြောင်းလည်း ၎င်းက တိုက်တွန်းခဲ့သည်။
Source: အေပီ
