CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၁

၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍသည် ကိုဗစ်ကပ်ရောဂါအလွန် ပြန်လည်နာလန်ထူသည့် အဆင့်မှ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပြီး အရည်အသွေးဖြင့် ယှဉ်ပြိုင်ခြင်းအဆင့်သို့ ကူးပြောင်းသွားမည် ဖြစ်ကြောင်း The Nation မှ ဖော်ပြခဲ့သည်။

ကိုဗစ်ကပ်ရောဂါ ကာလအပြီး ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ခရီးသွားများ၏ အလည်အပတ် ခရီးစဉ်များ မြင့်တက်ခဲ့ကာ ၂၀၂၆ ခုနှစ်တွင်မူ ခရီးသွား အရေအတွက်သည် ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားမည် ဖြစ်သည်။

ကပ်ရောဂါ ကာလအတွင်း lockdown များချခြင်း၊ နယ်စပ်များ ပိတ်ခြင်းတို့ကြောင့် အသွားအလာ ကန့်သတ် ခံရသူများသည် ကပ်ရောဂါ အပြီးတွင် စိတ်ထွက်ပေါက်ရှာသည့် အနေဖြင့် ခရီးများထွက်ခဲ့ကြသဖြင့် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် ခရီးသွားများ အလွန်များပြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ပေတုန်တန် ခရီးသွားကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်စဉ်

ယခုနှစ်အတွင်း ခရီးသွားများသည် ၎င်းတို့ သွားရောက်မည့် အလည်အပတ် ခရီးစဉ်များကို ယခင်ကထက် ပိုမို သေချာစွာ စိစစ်လာကြမည်ဖြစ်ပြီး အပျော်ခရီးသွားရုံ သက်သက်အတွက် ငွေကို အလွယ်တကူ သုံးစွဲတော့မည် မဟုတ်ဘဲ တန်ဖိုးရှိသော အတွေ့အကြုံများအတွက်သာ ငွေကြေးကို သုံးစွဲကြမည်ဖြစ်သည်။

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းကောင်စီ (TCT) ၏ ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ် ကာလအတွက် ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၏ ခရီးသွားလာမှု ပုံစံများသည် ပြောင်းလဲသွားမည် ဖြစ်သည်။

အထူးသဖြင့် ဥရောပ၊ ဂျပန်နှင့် ထိုင်းနိုင်ငံအတွင်းရှိ အသက် ၅၀ မှ ၇၀ ကြား သက်ကြီးပိုင်း ခရီးသွားများသည် ပိုမို များပြားလာမည်ဖြစ်သည်။ 

ထို့ကြောင့် အသက်အရွယ်မရွေး အသုံးပြုနိုင်သည့် ဝန်ဆောင်မှု လုပ်ငန်းများနှင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများသည် ပိုမို တွင်ကျယ်လာမည်ဖြစ်သည်။

ခရီးသွားများကြား ပိုမိုရေပန်းစားလာသည့် ပုံစံသစ်တစ်ခုမှာ  အေးချမ်းစွာ ခရီးထွက် အနားယူခြင်း ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ပေတုန်တန် ခရီးသွားကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်စဉ်

ထိုခရီးသွားလာမှုပုံစံသည် ဆိတ်ငြိမ်မှု၊ သီးသန့်ဖြစ်မှုနှင့် လူစုလူဝေး နည်းပါးမှုတို့ကို အဓိကထားကာ လူသိများပြီး လှပသည့် ခရီးသွားနေရာများ (ဥပမာ-ကမ်းခြေ၊ ညစျေး) သို့ သွားရောက်ခြင်းထက် လူသိနည်းသော နေရာများ တွင် အေးချမ်းစွာ အနားယူသော ပုံစံဖြစ်သည်။

အထူးသဖြင့် သက်ကြီးပိုင်း ခရီးသွားများသည် ၎င်းတို့၏ ခရီးစဉ်များကို စီစဉ်ရန်အတွက် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ၊ အေဂျင်စီများထံနှင့် ချိတ်ဆက်မည်ဖြစ်သည်။

၎င်းတို့ သုံးစွဲရန် သတ်မှတ်ထားသော ဘတ်ဂျက်ပမာဏနှင့် အချိန် အတိုင်းအတာ တစ်ခုအတွင်း ဆိတ်ငြိမ်သည့် ခရီးစဉ်များကို ရှာဖွေပေးနိုင်ရန် ခရီးသွားလုပ်ငန်းရှင်များအပေါ် ယုံကြည်အားကိုး လာကြသည်ဟု သတင်းတွင် ဖော်ပြထားသည်။

Source: The Nation