CNI International News
တိုကျို၊ ဒီဇင်ဘာ ၃၀
ခရီးသွားများ အလွန်များပြားလာသည့်အတွက် ဂျပန်ကို လူတိုင်း ဘာကြောင့် ချစ်တာလဲဆိုသည့်အပေါ် မေးခွန်း ထုတ်လာကြောင်း Asia Times မှ ဖော်ပြခဲ့သည်။
ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံး ခရီးသွားနေရာ တစ်ခုအဖြစ် ပေါ်ထွက်လာပြီး အထူးသဖြင့် ဆောင်းရာသီ အားလပ်ရက်များအတွင်း အမေရိကန် ခရီးသွားများအကြား ပိုမိုရေပန်းစားလာခဲ့သည်။
မကြာသေးမီက ထွက်ပေါ်လာသော လေယာဉ်လက်မှတ် ကြိုတင်မှာယူမှု အချက်အလက်များအရ တိုကျို (Tokyo) မြို့တော်သည် နိုင်ငံတကာ ခရီးစဉ်ဈေးကွက် အများအပြားတွင် ဘွတ်ကင်အများဆုံး ပြုလုပ်ခြင်း ခံရသည့် နိုင်ငံတကာ လေကြောင်းခရီးစဉ်အဖြစ် ထိပ်ဆုံးမှ ရပ်တည်နေသည်။

ဂျပန်သို့ လာရောက်တဲ့ လေကြောင်းလိုင်း အရေအတွက်ကို ပြထားစဉ်
အချို့သော ခရီးသွားများသည် ဂျပန်နိုင်ငံကို အခြားအာရှနိုင်ငံများသို့ သွားရောက်ရန်အတွက် ခရီးတစ်ထောက် ရပ်နားပြီး လေယာဉ်ပြောင်းစီးသည့် အချက်အချာ နေရာ (Transit Hub) အဖြစ် အသုံးပြုကြသော်လည်း အဓိက အကြောင်းအရင်းမှာ ကမ္ဘာတစ်ဝန်းတွင် ဂျပန်နိုင်ငံအပေါ် စိတ်ဝင်စားမှု တိုးပွားလာခြင်းကြောင့် ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
ဂျပန်နိုင်ငံအပေါ် စိတ်ဝင်စားမှု မြင့်တက်လာခြင်းသည် နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု၊ ဖျော်ဖြေရေးနှင့် လူနေမှုပုံစံ ရေစီးကြောင်းများအပေါ် လွှမ်းမိုးမှု မြင့်တက်လာခြင်းနှင့်အတူ ဒွန်တွဲ၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဤကဲ့သို့ ရေပန်းစားလာခြင်းသည် ဂျပန်နိုင်ငံ၏ ကာလရှည်ကြာ ဖြစ်ပေါ်နေသော စီးပွားရေး တုံ့ဆိုင်းမှုကို ဖြေရှင်း ရန်အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက မှတ်ချက်ပြုကြသည်။
နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၊ အထူးသဖြင့် လုပ်ငန်းသစ်များတွင် ရင်းနှီးမြှုပ်နှံခြင်းသည် စီးပွားရေး ပြန်လည် ဦးမော့လာစေရန်အတွက် အဓိကကျသော ကဏ္ဍတစ်ခုအဖြစ် ရှုမြင်ခံနေရသည်။
ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ ဆွဲဆောင်မှုသည် ကျွမ်းကျင်သော ပြည်ပလုပ်သားများနှင့် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူများကို ဆွဲဆောင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။
ဂျပန်ပေါ့ပ် ယဉ်ကျေးမှု၊ အထူးသဖြင့် အန်နီမေးရှင်းရုပ်ရှင် (Anime) နှင့် မန်ဂါ (Manga) ရုပ်ပြ စာအုပ်များသည် ကမ္ဘာတစ်ဝန်းရှိ လူငယ်ယဉ်ကျေးမှုအတွင်း နက်ရှိုင်းစွာ အမြစ်တွယ်လာခဲ့သည်။

ဂျပန် ခရီးသွားဝင်ရောက်မှုကို ပြသထားစဉ်
အမေရိကန်ပြည်ထောင်စုတွင် Anime သည် သီးသန့်ဝါသနာ ပါသူများ အကြားတွင်သာ ရှိနေသည့်အရာ မဟုတ် တော့ဘဲ လူကြိုက်များသော ဖျော်ဖြေရေး ပုံစံတစ်ခု ဖြစ်လာခဲ့သည်။
Polygon ဖျော်ဖြေရေး သတင်းဝက်ဘ်ဆိုက်၏ ၂၀၂၄ ခုနှစ် စစ်တမ်းတစ်ခုအရ အမေရိကန်ရှိ Gen Z လူငယ်များ၏ ၄၂ ရာခိုင်နှုန်းသည် Anime ကို အပတ်စဉ် ကြည့်ရှုနေကြသည်။
ထိုနှုန်းထားသည် NFL (အမေရိကန်ဘောလုံးပွဲ) ကို ပုံမှန်ကြည့်ရှုသူ အရေအတွက်ထက်ပင် ကျော်လွန်နေခြင်း ဖြစ်သည်။
ဂျပန်ယဉ်ကျေးမှု၏ လွှမ်းမိုးမှုကို ကမ္ဘာလုံးဆိုင်ရာ ဆုပေးပွဲများနှင့် မီဒီယာများ၏ အသိအမှတ် ပြုမှုများတွင်လည်း ထင်ရှားစွာ တွေ့မြင်နေရသည်။
Godzilla Minus One နှင့် The Boy and the Heron ကဲ့သို့သော ဂျပန်ရုပ်ရှင်များသည် မကြာသေးမီက အော်စကာဆုများ ဆွတ်ခူးနိုင်ခဲ့သည်။
ပိုမိုကျယ်ပြန့်စွာ ကြည့်လျှင် ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ရုပ်ရှင်များသည် ကမ္ဘာလုံးဆိုင်ရာ အောင်မြင်မှုများ ရရှိလာသဖြင့် အာရှဖျော်ဖြေရေးကဏ္ဍသည် နိုင်ငံတကာ၏ ချီးကျူးဂုဏ်ပြုမှုကို ရရှိလာခဲ့သည်။
ထိုကဲ့သို့ ယဉ်ကျေးမှုအရ လွှမ်းမိုးထားနိုင်မှုသည် ကမ္ဘာတစ်ဝန်းတွင် ဂျပန်နိုင်ငံ၏ အာဏာအပျော့ (Soft Power) ကို ပိုမိုခိုင်မာစေခဲ့သည်ဟု လေ့လာစောင့်ကြည့်သူများက သုံးသပ်ပြောကြားခဲ့သည်။
Source: Asia Times
