CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၂၇
ထိုင်းနိုင်ငံတွင် နှစ်သစ်ကူး ခရီးသွားလုပ်ငန်းဝင်ငွေမှာ ဘတ် ၇၀.၁ ဘီလီယံမှ ၇၆.၅ ဘီလီယံအထိ ရှိလာမည်ဟု ထိုင်းနိုင်ငံခရီးသွားလာရေး အာဏာပိုင်အဖွဲ့ (TAT)က ခန့်မှန်းထားကြောင်း The Nation မှဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံတွင် ရေကြီးမှုများနှင့် နယ်စပ်ပဋိပက္ခများကြောင့် နိုင်ငံခြားသားဝင်ရောက်မှု လျော့နည်းသွားသော် လည်း ပြည်တွင်းခရီးသွားလာမှု တိုးတက်လာသည့်အတွက် ဝင်ငွေသည် ယခင်နှစ်ထက် ၂ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသာ ကျဆင်းသွားခြင်းဖြစ်ကြောင်း TAT က ဆိုသည်။
TAT အုပ်ချုပ်ရေးမှူး သာပနီ ကီယတ်ဖိုင်ဘွန်း( Thapanee Kiatphaibool)က နိုင်ငံခြားသား ခရီးသွား ဈေးကွက် မှာ နှေးကွေးသွားမည်ဟု ခန့်မှန်းရသော်လည်း ပြည်တွင်း ခရီးသွားလာမှုမှာမူ ခရီးသွား အရေအတွက်နှင့် ဝင်ငွေ နှစ်မျိုးစလုံး မြင့်တက်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ခရီးသွားများကိုတွေ့ရစဉ်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်အတွင်း နိုင်ငံခြားသား ဝင်ရောက်မှု ၁.၄ သန်းမှ ၁.၅ သန်းအထိ ရှိလာမည်ဟု TAT က ခန့်မှန်းထားသည်။
ထိုပမာဏအရ ယခင်နှစ်ထက် ၆ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ လျော့နည်းသွားခြင်းဖြစ်ကာ ဝင်ငွေအားဖြင့် ဘတ် ၅၁.၆ ဘီလီယံမှ ၅၈ ဘီလီယံအထိ ရရှိနိုင်ပြီး ရာခိုင်နှုန်းအားဖြင့် ၄ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခြင်းဖြစ်သည်။
နှစ်သစ်ကူး ကာလအတွင်း ထိုင်းနိုင်ငံသို့ အဓိက ဝင်ရောက်မည့် ထိပ်တန်း ၁၀ နိုင်ငံမှာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ မလေးရှား၊ တောင်ကိုရီးယား၊ ဗြိတိန်၊ စင်္ကာပူ၊ အမေရိကန်၊ အရှေ့ဥရောပနှင့် ဂျာမနီနိုင်ငံတို့ ဖြစ်မည်ဟု TAT က ခန့်မှန်းထားသည်။
Tripadvisor ၏ ၂၀၂၅ ဆောင်းရာသီ ခရီးသွားလာမှု အညွှန်းကိန်း အစီရင်ခံစာ (Winter Travel Index Report 2025) အရ ဘန်ကောက်မြို့တော်သည် လန်ဒန် (Landon) ၊ ကန်ကွန် (Cancun) နှင့် ပဲရစ် (Paris) မြို့တို့နှင့်အတူ ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဆောင်းရာသီ ခရီးသွား နေရာများထဲမှ တစ်ခုအဖြစ် အသိအမှတ်ပြု ခံခဲ့ ရသည့်အပြင် ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းမီဒီယာများနှင့် အွန်လိုင်းခရီးသွားအေဂျင်စီ (OTAs) အမြောက်အမြား၏ အဆင့် သတ်မှတ်ချက်များတွင်လည်း ပါဝင်ခဲ့ကြောင်း သာပနီက ပြောပြခဲ့သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က CenterlWord ကို တွေ့ရစဉ်
အထူးသဖြင့် တရုတ်နိုင်ငံတွင် ထိုင်းနိုင်ငံ၏ ပုံရိပ်မှာလည်း တိုးတက်ကောင်းမွန်လျက်ရှိပြီး တရုတ် အွန်လိုင်း ခရီးသွား အေဂျင်စီများ၏ အချက်အလက်များအရ ထိုင်းနိုင်ငံအပေါ် စိတ်ဝင်စားမှုနှင့် အပြုသဘောဆောင်သော ရှုမြင်မှုများ ပိုမိုမြင့်တက်လာကြောင်း သိရသည်။
နိုဝင်ဘာလအတွင်း ထိုင်းဘုရင်နှင့် မိဖုရားတို့၏ တရုတ်နိုင်ငံ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အပြီးတွင် Baidu နှင့် Ctrip လူမှုမီဒီယာများတွင် “Thailand” ဟူသည့် စကားလုံးဖြင့် ရှာဖွေမှုများ မြင့်တက်လာခဲ့ပြီး၊ ထိုင်းနိုင်ငံသို့ ခရီးသွားရန် စိတ်ဝင်စားမှုအသစ်များ ပြန်လည်နိုးထလာခြင်းကို ပြသနေခြင်းဖြစ်သည်။
တရုတ် လူမှုကွန်ရက် ပလက်ဖောင်းများဖြစ်သော Weibo နှင့် Xiaohongshu တို့တွင်လည်း ထိုင်းနိုင်ငံအား ဘေးကင်းခြင်း၊ ဖော်ရွေခြင်းနှင့် သွားလာရ အဆင်ပြေခြင်းတို့ဖြင့် ဖော်ပြထားသည့် အကြောင်းအရာများ မျှဝေမှုနှုန်း မြင့်တက်လာကြောင်း TAT က ပြောကြားခဲ့သည်။
Source: The Nation
