CNI International News

ဘန်ကောက်၊ မေလ ၉

ဒေသတွင်း ပြင်းထန်သော ပြိုင်ဆိုင်မှုများနှင့် ပြည်ပခရီးသွားလုပ်ငန်း လုပ်ကိုင်သူအချို့၏ လိမ်ညာမှုများကြောင့် ထိုင်းနိုင်ငံသို့ လာရောက်ရန် တွန့်ဆုတ်နေသည့် အိန္ဒိယခရီးသွားများ၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက် ပေးရန် ပတ္တရား (Pattaya)  မြို့ရှိ အိန္ဒိယစီးပွားရေး အသိုက်အဝန်းက ထိုင်းအစိုးရအား တိုက်တွန်းခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အိန္ဒိယမှ အလုပ်ကိစ္စဖြင့် ထိုင်းသို့ လာရောက်သူများနှင့် အုပ်စုလိုက် အပျော်ခရီးထွက်သည့် အိန္ဒိယခရီးသွား များသည် ထိုင်းနိုင်ငံသို့ လာရောက်နေဆဲဖြစ်ကြောင်း အိန္ဒိယနိုင်ငံသားများကို ကူညီပံ့ပိုးပေးရန်နှင့် ယဉ်ကျေးမှု ဖလှယ်ရေး မြှင့်တင်ရန် ဖွဲ့စည်းထားသော ပတ္တရားအခြေစိုက် Indian Community Eastern (Thailand) အသင်း၏ဥက္ကဋ္ဌ လပ်ရှ်မန်း ဆင်း (Laxman Singh) က ပြောကြားခဲ့သည်။

သို့သော် မင်္ဂလာဆောင်ရန် ခရီးထွက်သည့် အိန္ဒိယနိုင်ငံသား အများအပြားသည် ထိုင်းသို့လာရောက်ပြီး မင်္ဂလာပွဲများ ကျင်းပမည့်အစား ဗီယက်နမ်နိုင်ငံကိုသာ ရွေးချယ်သွားရောက်နေသည်ဟု ၎င်းက ဆိုသည်။

ဗီယက်နမ်တွင် မင်္ဂလာပွဲများ ကျင်းပခြင်းသည် ထိုင်းနိုင်ငံထက် ကုန်ကျစရိတ် ၃၀ ရာခိုင်နှုန်းခန့် ပိုမိုသက်သာ ကြောင်းနှင့် အိန္ဒိယ ရူပီးငွေနှင့် နှိုင်းယှဉ်ပါက ထိုင်းဘတ်ငွေတန်ဖိုး မြင့်တက်နေခြင်းသည် အခြေအနေကို ပိုမို ဆိုးရွားစေကြောင်း ဆင်းက ပြောကြားခဲ့သည်။

အိန္ဒိယခရီးသွားတွေကိုတွေ့ရစဉ်

ဧည့်သည် ရာဂဏန်း တက်ရောက်သည့် အိန္ဒိယမင်္ဂလာပွဲ တစ်ခုအတွက် ထိုင်းနိုင်ငံရှိ ကြယ်လေးပွင့်အဆင့် ဟိုတယ်တွင် ဘတ် ၁၀ သန်းခန့်ကုန်ကျပြီး၊ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တွင် ဘတ် ၁၅ သန်းမှ သန်း ၂၀ အထိ ကုန်ကျနိုင်သောကြောင့် အိန္ဒိယလူမျိုးများ ဗီယက်နမ်တွင် မင်္ဂလာပွဲများ ပြုလုပ်ရန် ရွေးချယ်ခဲ့ကြောင်း ၎င်းက ဆိုသည်။။

ထို့အပြင် ထိုင်းနိုင်ငံ အနေဖြင့် မိသားစုလိုက် အပန်းဖြေ ခရီးထွက်ရန် သင့်တော်သော နေရာအဖြစ် ပုံရိပ်ကို မြှင့်တင်ရမည်ဖြစ်ပြီး အထူးသဖြင့် အိန္ဒိယခရီးသွားများက ညဘက်ဖျော်ဖြေရေး မြို့တော်အဖြစ်သာ  ရှုမြင်နေသေး သည့် ပတ္တရားမြို့ကို ပိုမိုမြှင့်တင်သင့်ကြောင်း ၎င်းက ဆိုသည်။

အလုပ်ကိစ္စဖြင့် ထိုင်းသို့ လာရောက်သူများနှင့် နှိုင်းယှဉ်ပါက အပျော်ခရီးဖြင့် လာရောက်သူများသည် ဒေသခံ လူထုနှင့် ဈေးဝယ်စင်တာများတွင် ငွေကြေး ပိုမိုသုံးစွဲလေ့ရှိကြောင်း ဆင်းက ပြောကြားခဲ့သည်။

ပတ္တရား ခရီးသွားလုပ်ငန်းသည် အိန္ဒိယနိုင်ငံမှလာသော တရားမဝင် ခရီးသွားအေဂျင်စီများ၏ လိမ်လည်မှုများ ကြောင့် ထိခိုက်မှုရှိနေကြောင်း မစ္စတာဆင်းက ပြောကြားခဲ့သည်။

တရားမဝင် ခရီးသွား အေဂျင်စီများသည် ပတ္တရားနှင့် ဘန်ကောက်သို့ လာရောက်မည့် ခရီးစဉ်များကို လိမ်လည် ရောင်းချသည့် ဖြစ်စဉ်များစွာ ရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်