CNI International News

ခတ္တမန္ဒူ၊ မေလ ၁၄

တိဗက်ဒေသရှိ ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရားဖူးနေရာ တစ်ခုသို့ ဦးတည်သည့် ဟိမဝန္တာတောင်ကြားလမ်းကို ပြန်လည်ဖွင့်လှစ်ရန် အိန္ဒိယ၏ ဆုံးဖြတ်ချက်ကို နီပေါအစိုးရက တရားဝင် ကန့်ကွက်စာ တင်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနက နီပေါ၊ အိန္ဒိယနှင့် တိဗက်တို့ ဆုံရာတွင် တည်ရှိသည့် လီပူလက်ခ် (Lipulekh) တောင်ကြားလမ်းအား ပြန်ဖွင့်မည့် အစီအစဉ်အား ဝေဖန်ကန့်ကွက်လွှာကို မေလ ၁၀ ရက်က ပေးပို့ခဲ့ခြင်းဖြစ် သည်။

လီပူလက်ခ် တောင်ကြားလမ်းကို ၁၈၁၆ ခုနှစ်က အိန္ဒိယအား အုပ်ချုပ်ခဲ့သည့် ဗြိတိသျှကိုလိုနီ အစိုးရနှင့် ချုပ်ဆိုခဲ့သော စူဂေါ်လီ (Sugauli) စာချုပ်အရ မိမိတို့၏ အနောက်ဘက် နယ်စပ်အဖြစ် သတ်မှတ်ကာ နီပေါနိုင်ငံက ပိုင်ဆိုင်ကြောင်း အခိုင်အမာ ဆိုထားသည်။

ဝန်ကြီးဌာန၏ ကန့်ကွက်လွှာတွင် လင်ပီယာဒူရာ (Limpiadhura)၊ လီပူလက်ခ်နှင့် ကာလာပါနီ (Kalapani) နယ်မြေများသည် နီပေါနိုင်ငံ၏ အစိတ်အပိုင်းများသာဖြစ်ကြောင်း အလေးပေးဖော်ပြခဲ့ပြီး နီပေါအစိုးရ အနေဖြင့် ထိုသဘောထားအတိုင်း ရှင်းလင်းပြတ်သားစွာနှင့် ခိုင်ခိုင်မာမာ ရှိနေဆဲဖြစ်သည်ဟု ရေးသားထားသည်။

အိန္ဒိယ-တိဗက်-နီပေါ ဟိမဝန္တာတောင်ကြားလမ်းကို ဖော်ပြထားစဉ်

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကမူ လီပူလက်ခ် တောင်ကြားလမ်းသည် တိဗက်ရှိ ခလာရှီ(Kailash)တောင်နှင့် မာနသရောဝါ(Manasarovar) ရေကန်တို့သို့ သွားရောက်သည့် ခလာရှီ- မာနသရောဝါ (Kailash-Manasarovar) ဘုရားဖူးခရီးစဉ်အတွက် ၁၉၅၄ ခုနှစ်ကတည်းက ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းစ်နှင့် ဘွန် (Bon) ဘာသာဝင်များ အသုံးပြုခဲ့သည့် လမ်းကြောင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

“ဒါဟာ အသစ်အဆန်း ဖြစ်လာတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ အခုလို နယ်မြေ ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုမှုတွေဟာ အကြောင်းပြချက် ခိုင်လုံမှု မရှိသလို သမိုင်းကြောင်း အချက်အလက်တွေနဲ့ သက်သေ အထောက်အထားတွေ အပေါ်မှာလည်း အခြေမခံဘူးလို့ အိန္ဒိယက တစိုက်မတ်မတ် သဘောထား လာခဲ့တာပါ။ နယ်မြေ ပိုင်ဆိုင်မှုတွေကို တစ်ဖက်သတ် ဖန်တီးချဲ့ထွင်တာမျိုးက လက်ခံနိုင်စရာ မရှိပါဘူး”ဟု အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လီပူလက်ခ် လမ်းကြောင်းမှတဆင့် ဘုရားဖူး ခရီးစဉ်များ ပြန်လည် စတင်ရန် တရုတ်နိုင်ငံနှင့် သဘောတူညီချက် ရရှိထားကြောင်း အိန္ဒိယက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ အငြင်းပွားမှုများ ပြန်လည် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ထို ဘုရားဖူးခရီးစဉ်များကို ၂၀၂၀ ပြည့်နှစ်တွင် COVID-19 ကပ်ရောဂါကြောင့် ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။

ထိုတောင်ကြားလမ်းကို ပြန်ဖွင့်မည့် အစီအစဉ်အရ ဟိန္ဒူဘုရားဖူး ၅၀၀ ခန့်သည် အိန္ဒိယမြောက်ပိုင်း ဥတ္တရာခန်း (Uttarakhand) ပြည်နယ်ကို ဖြတ်သန်းပြီး လီပူလက်ခ် တောင်ကြားလမ်းမှတဆင့် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်မည်ဖြစ်သည်။

Source: Nikkei Asia