CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၈
ပြည်တွင်း/ပြည်ပ ခရီးသွားများ သွားလာရေး အဆင်ပြေစေရန်နှင့် ဒေသထွက် သစ်သီးများ အပါအဝင် ပန်းမန်များ အခြားဒေသများသို့ ဖြန့်ဖြူးနိုင်ရေး ပြင်ဦးလွင် လေဆိပ်ကို အဆင့်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင်က ပြောသည်။
နိုင်ငံတော်သမ္မတသည် ပြင်ဦးလွင်မြို့၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ စိမ်းလန်းစိုပြေရေးနှင့် မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်က သွားရောက် စစ်ဆေးခဲ့ သည်။

ထို့နောက် အနီးစခန်းလေဆိပ်သို့ သွားရောက်၍ လေဆိပ်အဆင့်မြှင့် တင်နေမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့သလို ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဥ်၊ ပွဲကောက်ရေတံခွန်တို့ကိုလည်း စစ်ဆေးခဲ့ သည်။
သမ္မတ ဦးမင်းအောင်လှိုင်က “ ယခုလေဆိပ်ကို အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းသည် ပြည်တွင်းခရီးစဉ်များ အတွက် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ ပြင်ဦးလွင် ဒေသမှ ထွက်ရှိသည့် သစ်သီးများနှင့် ပန်းမန်များအား အခြား ဒေသများသို့ လွယ်ကူလျင်မြန်စွာဖြင့် သယ်ယူပို့ဆောင် နိုင်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိ လေဆိပ်အသစ် တည်ဆောက်ထားမှု အခြေအနေအရ တစ်ရက်လျှင် ခရီးသွား ၁၀၀၀ ခန့်ဝင်ထွက်နိုင် အောင် ဆောင်ရွက်ထားခြင်းဖစ်သဖြင့် လေဆိပ်အတွင်း ခရီးသွားပြည်သူများ နားနေရန်အတွက် ထိုင်ခုံ နေရာ ချထားမှုများကို စနစ်တကျ ဆောင်ရွက်သွားရန်လိုသည်”ဟု ပြောသည်။

ထို့နောက် လေယာဉ်ပြေးလမ်းအား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရာတွင်လည်း သတ်မှတ်ထားသည့် စံချိန် စံညွှန်းအတိုင်း ဖြစ်စေရေး စနစ်တကျ တွက်ချက် တည်ဆောက်အဆင့်မြှင့်တင် သွားရန်လိုကြောင်း၊ လေဆိပ် တွင် လေယာဉ်ဆင်းသက်မှုနှင့် ထွက်ခွာမှုများ အန္တရာယ်ကင်းရှင်းစေရေးအတွက် စနစ်တကျ ဆောင်ရွက်သွားရန် လိုကြောင်း၊ လေဆိပ်ပတ်ဝန်းကျင် စိမ်းလန်သာယာမှုရှိစေရေးအတွက် သစ်ပင်များကို စိုက်ပျိုးသွားရန်လိုကြောင်း ၎င်းက ပြောသည်။
ပြင်ဦးလွင်မြို့သည် ပြည်တွင်း/ပြည်ပ ခရီးသွားများ ဝင်ရောက်မှု များပြားသည့် ဒေသဖြစ်သလို မန္တလေး-မူဆယ်-ဂျယ်ခေါင်(မြန်မာ-တရုတ်) ကုန်သွယ်ရေး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိသည့် မြို့လည်းဖြစ်သည်။
အလားတူ မြန်မာနိုင်ငံ၏ စစ်တက္ကသိုလ်များ တည်ရှိရာ မြို့လည်းဖြစ်သလို ကျန်းမာရေး မြို့တော်အဖြစ်လည်း တည်ဆောက်ရန် နိုင်ငံတော်အစိုးရက ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
