CNI International News
ဗီယန်ကျင်း၊ ဇူလိုင် ၃၁
တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေး ရရှိစေရန် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သင့်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာ (Maris Sangiampongsa) က တိုက်တွန်းခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။
ယခုလ အစောပိုင်းက အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်တွင် ပြုလုပ်ခဲ့သည့် တောင်အာရှနှင့် အရှေ့တောင်အာရှ အစည်းအဝေးများ၌ မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောတွေ့ဆုံခဲ့စဉ် မြန်မာ့အရေးကို ဆွေးနွေးခဲ့သည်ဟု ဇူလိုင် ၂၈ ရက်က လာအိုနိုင်ငံ၊ ဗီယန်ကျင်း (Vientiane) မြို့တော်၌ Kyodo News နှင့် ထိုင်းမီဒီယာတစ်ခုကို မစ္စတာမာရစ်က ပြောကြားခဲ့သည်။
မစ္စတာမာရစ်သည် အမေရိကန်၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့ အပါအဝင် အာဆီယံ၏ မိတ်ဖက်နိုင်ငံများနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ တက်ရောက်သည့် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးပွဲများအတွက် ပြီးခဲ့သည့် သီတင်းပတ်က လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော်သို့ ရောက်ရှိနေခြင်းဖြစ်သည်။
ထိုင်းနှင့်အိန္ဒိယသည် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည် အများအပြား ဝင်ရောက်လာသော အခြေအနေနှင့် ကြုံတွေ့နေ ရသည်။
လားရှိုးမြို့ကို တိုက်နေသော MNDAA တပ်ဖွဲ့ကို တွေ့ရစဉ်
"မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံအများအပြားဟာ အရင်ကထက်ပိုပြီး ပွင့်လင်းတဲ့ သဘောထားတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ အခြေအနေကို တိုးတက်အောင် လုပ်ဆောင်ဖို့ အခွင့်ကောင်းရှိနေတယ်လို့ ကျနော် ယုံကြည်ပါ တယ်" ဟု မစ္စတာ မာရစ်က ပြောကြားခဲ့သည်။
အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးပွင့်ဆိုင် နိုင်ငံခြားရေးဝန်ကြီးများ ပြုလုပ်သည့် ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံ၌ ပိုမို ပွင့်လင်းသော သဘောထားရှိသည်ဟု ခံစားခဲ့ရကြောင်း မစ္စတာမာရစ်က ပြောသည်။
မြန်မာနိုင်ငံသည် ထိုင်း၊ အန္ဒိယ၊ တရုတ်၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်စပ်ချင်း ထိစပ်နေသည်။
Source: ဘန်ကောက်ပို့စ်