CNI International News

တိုင်ပေ၊ ဇူလိုင် ၃၁

ထိုင်ဝမ်အနေဖြင့် မိမိကိုယ်ကိုယ် အားကိုးသည့် ကာကွယ်ရေးကဏ္ဍကို မြှင့်တင်သွားမည်ဖြစ်ပြီး ပြည်ပမှ လက်နက်များကိုလည်း ဆက်လက်ဝယ်ယူသွားမည်ဟု ထိုင်ဝမ်သမ္မတ လိုင်ချင်တေ(Lai Ching-te)က ဇူလိုင် ၃၀ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

တရုတ်သည် အခြားနိုင်ငံတစ်နိုင်ငံကို ခြိမ်းခြောက်နေခြင်းသည် ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း လိုင်က ပြောသည်။

ထိုင်ဝမ်သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန် အားထုတ်ကြိုးပမ်း သွားမည်ဟုလည်း လိုင်က တိုင်ပေ (Taipei) မြို့တော်တွင် ပြုလုပ်သည့် ညီလာခံတစ်ခုတွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ရှုမြင်ထားသည့် တရုတ်သည် ထိုင်ဝမ်အပေါ် အချုပ်အခြာအာဏာ ပိုင်ကြောင်း ၎င်း၏ကြေညာချက်ကို ထိုင်ဝမ်က လက်ခံစေရန် စစ်ရေးလေ့ကျင့်မှုများ ပုံမှန်ပြုလုပ်ခဲ့ပြီး ဖိအားများ တိုးမြှင့်ခဲ့သည်။

တရုတ်နဲ့ ထိုင်ဝမ်ကို တွေ့ရစဉ်

"တရုတ်က ဘယ်နိုင်ငံကိုပဲ ခြိမ်းခြောက်နေပါစေ၊ အဲဒါဟာ ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုပဲဖြစ်ပါတယ်" ဟု လိုင်က တိုင်ပေမြို့တော်ရှိ တရုတ်နိုင်ငံဆိုင်ရာ လွှတ်တော်အချင်းချင်း မဟာမိတ် (IPAC) ညီလာခံတွင် ပြောကြား ခဲ့သည်။

IPAC သည် တရုတ်နိုင်ငံကို ဝေဖန်သည့် ရာနှင့်ချီသော နိုင်ငံရေးသမားများ စုဖွဲ့ထားသည့် နိုင်ငံတကာကွန်ရက် နှင့် ချိတ်ဆက်ထားသော အဖွဲ့ဖြစ်သည်။

"ထိုင်ဝမ်ဟာ အာဏာရှင်စနစ်ရဲ့ ခြိမ်းခြောက်မှုတွေရန်က ကင်းဝေးအောင် မိမိတို့ရဲ့ ဒီမိုကရေစီ မိတ်ဖက်တွေနဲ့ အတူ ဒီမိုကရေစီ ကာကွယ်ရေး ထီးရိပ်တစ်ခု ထူထောင်ဖို့ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားမှာပါ" ဟု လိုင်က ပြောကြားခဲ့သည်။

IPAC အဖွဲ့အတွင်းရှိ နိုင်ငံ ၅ နိုင်ငံမှ လွှတ်တော်အမတ် ၈ ဦးကို ထိုင်ဝမ်မှ ထွက်ခွာသွားရန် တရုတ်အရာရှိများက အီးမေးလ်များပေးပို့ခြင်း၊ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခြင်းတို့ ရှိခဲ့သည်ဟု IPAC က ထုတ်ပြန်ခဲ့သည်။

မိမိတို့၏ နှစ်ပတ်လည် ညီလာခံကို တရုတ်က ကြားဝင်စွက်ဖက်ရန် ကြိုပမ်းနေခြင်းကို ရှုတ်ချကြောင်း၊ ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံထားရသည့် လွှတ်တော်အမတ်များသည် လွတ်လပ်စွာ သွားလာလည်ပတ်ခွင့်ရှိကြောင်း၊ ထိုကဲ့သို့ သွားလာခြင်းသည် ရွေးကောက်ခံအရာရှိများ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများအတွက် ပုံမှန် အနေ အထားဖြစ်ကြောင်း IPAC က ထုတ်ပြန်ခဲ့သည်။

Source: ရိုက်တာ