CNI International News

ဘေဂျင်း၊ မေလ ၂၂

တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) သည် လာမည့်သီတင်းပတ် အတွင်း၌ မြောက်ကိုရီးယားနိုင်ငံသို့ သွား ရောက်ဖွယ်ရှိကြောင်း တောင်ကိုရီးယား၏ ယွန်ဟပ် (Yonhap) သတင်းဌာနကို ကိုးကားပြီး South China Morning Post မှ ဖော်ပြခဲ့သည်။

“သမ္မတ ရှီဟာ မကြာခင်မှာ မြောက်ကိုရီးယားနိုင်ငံကို သွားရောက် လည်ပတ်မယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်း အချက်အလက်ကို ကျနော်တို့ ရရှိထားပါတယ်” ဟု ယွန်ဟပ်သတင်းဌာနက အစိုးရသတင်းမြစ်တစ်ခုကို ကိုးကား ပြီး ပြောကြားခဲ့သည်။

အခြား အစိုးရအရာရှိ တစ်ဦးကလည်း ရှီသည် ယခုလကုန် သို့မဟုတ် လာမည့်လ အစောပိုင်းတွင် မြောက်ကိုရီးယားသို့ သွားရောက်ဖွယ်ရှိကြောင်း ယွန်ဟပ်သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထို့ပြင် ရှီသည် မြောက်ကိုရီးယားနှင့် အမေရိကန်ကြား ဆက်ဆံရေး ပြေလည်အောင် ကြားဝင်စေ့စပ်ပေးရန် ကြိုးပမ်းနိုင်ကြောင်း သီးခြား သတင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

ယွန်ဟပ်သတင်းဌာန၏ ဖော်ပြချက်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော်ကျားကွမ် (Guo Jiakun) ကမူ လက်ရှိအချိန်တွင် မှတ်ချက် မပေးလိုသေးကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

သို့သော် တရုတ်နှင့် မြောက်ကိုရီးယားသည် မိတ်ဆွေကောင်းများ၊ အိမ်နီးချင်းကောင်းများဖြစ်ကြပြီး ချစ်ကြည် ရင်းနှီးသော ဆက်ဆံမှုများကို ဆက်လက် ထိန်းသိမ်းထားကြောင်း ကော်က ဖြည့်စွက်ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုးဆွန်းဟီ (Choe Son-hui) နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong-un) နှင့်ပါ တွေ့ဆုံခဲ့ပြီးနောက် ယခုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် ရှီသည် ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၊ ရုရှားသမ္မတ ပူတင် (Vladimir Putin) တို့နှင့် ထိပ်သီး အစည်းအဝေးများ ဆက်တိုက် ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားသို့ သွားရောက်မည်ဆိုသည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုခရီးစဉ်သာ အမှန်တကယ် ဖြစ်မြောက်လာခဲ့မည်ဆိုပါက ရှီအတွက် မြောက်ကိုရီးယားနိုင်ငံသို့ ဒုတိယအကြိမ် မြောက် သွားရောက်သည့် ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။

ရှီသည် ၂၀၁၉ ခုနှစ်တွင် မြောက်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက် လည်ပတ်ခဲ့ဖူးသည်။

Source: South China Morning Post