CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃

ယခု မိုးရာသီကာလတွင် ပုဂံနှင့် မန္တလေးဒေသသို့ ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်လာစေရန်အတွက် မိုးရွာသွန်းမှုနည်းသည့် နေရာများကို ပုံမှန်စျေးနှုန်းထက်၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း သက်သာသည့် Green Season Promotion များ ဆောင်ရွက်နေကြောင်း သိရသည်။

မိုးတွင်းကာလဖြစ်သည့် ဇူလိုင်နှင့် ဩဂုတ်လများသည် ဥရောပနိုင်ငံများ၏ နွေရာသီ ကျောင်းပိတ်ရက်ဖြစ်၍ မိသားစုလိုက် ခရီးထွက်လေ့ရှိသည့် ရာသီချိန်ဖြစ်သည်။ 

မြန်မာနိုင်ငံသို့ မိုးတွင်းကာလတွင် ပြည်ပနိုင်ငံသားများ ဝင်ရောက်လေ့ရှိသော်လည်း လက်ရှိတွင် ဝင်ရောက်နိုင်မှု သည် နည်းပါးနေကြောင်း၊ Promotion များ လုပ်ဆောင်နေသော်လည်း လက်ရှိ ဟိုတယ်များအတွက် အခက်အခဲ ရှိသည်ဟု Myanmar Voyages International Tourism ၏ မန်နေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။

ပုဂံဒေသ ဘုရားဖူးများကိုတွေ့ရစဉ်

၎င်းက "Green Tourism လို့ ခေါ်တာပေါ့။ ဒါပေမယ့် ဘယ် Target market ကို ထားမှာလဲ။ ဈေးလျှော့တယ်ဆို တာက ဒီကနေ့ခေတ်မှာ လျှော့ကြတယ်ဆိုပေမယ့် ဆီတွေ ဝယ်သုံးရတယ်။ မီးစက်တွေ ဆောင်ရတယ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေကြပါဘူး ဟိုတယ်တွေက။ အခုဆို ပိုဆိုးတာပေါ့ ဒေါ်လာဈေးတွေက။ သူတို့ရတဲ့ပိုက်ဆံက ကျပ်ငွေလည်း ဖောင်းပွတော့ တော်တော်တော့ အခက်အခဲ ရှိပါတယ်။ ဖွင့်ထားတဲ့ ဟိုတယ်တွေ ဘယ်လောက် ရှိလဲ ဒါတွေလည်း သူတို့ သုံးသပ်ပြီးတော့မှ Promotion လုပ်ရမှာ။ သုံးသပ်ရမယ်ဆိုရင်တော့ ဒီနှစ်ဆိုရင် အခြေအနေ မကောင်းသေးဘူး။ ပြည်ဝင်ခရီးစဉ်တွေလည်း ခါတိုင်း ဒီအချိန်မှာ အုံးအုံးကျက်ကျက် လာရမယ့် အချိန်မှာ မနှစ်ကနဲ့ယှဉ်ရင်တောင် သိပ်ပြီးတော့ မတည့်သေးဘူး" ဟု ပြောသည်။

မိုးရာသီကာလများအတွင်း မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှု နည်းသည့်ကာလဖြစ်ပြီး မိုးရွာသွန်းမှုနည်းသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မန္တလေး၊ ပုဂံ စသည့် ဒေသများသို့ ခရီးသွား ပိုမိုဝင်ရောက် လာစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ယခုကာလသည် ပုဂံဒေသသို့ လေကြောင်းခရီးစဉ် ပျံသန်းပြေးဆွဲမှုသည် တစ်ပတ်လျှင် ၂ ကြိမ်ခန့်သာ ရှိပြီး လေကြောင်းခရီးစဉ်များ ထပ်တိုး ပျံသန်းပြေးဆွဲပေးနိုင်ရန် လိုအပ်သည်ဟု ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူများက ပြောသည်။

ပုဂံဒေသ လမ်းညွန်ဆိုင်းဘုတ်ကိုတွေ့ရစဉ်

ကိုဗစ် ၁၉ ဖြစ်ပွားမှုနှင့် နိုင်ငံရေး အပြောင်းအလဲများကြောင့် ခရီးသွားဝင်ရောက်မှု နည်းပါးသွားသည့်အတွက် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကတည်းက ပိတ်ထားသည့် နိုင်ငံခြားသားခရီးသွားကို အဓိကထားသော  ဟိုတယ်များသည် လက်ရှိအချိန်ထိ ပိတ်ထားလျက်ရှိသည်ဟု ပုဂံ - ညောင်ဦး ဟိုတယ်နှင့်ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ ကိုကျော်စွာလင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက "ဟိုတယ်တွေကတော့ လောလောဆယ် ဟိုတယ်အကြီးတွေပေါ့လေ။ နိုင်ငံခြားသား ဟိုးအရင်တုန်းက ကိုဗစ်မတိုင်ခင်က ဟိုတယ်တွေက အကြီးတွေပေါ့လေ ဈေးနှုန်းများတဲ့ ဟိုတယ်တွေက လောလောဆယ် ပိတ်ထားဆဲပဲ။ သူတို့က ဖွင့်ဖို့ အဆင်မပြေဘူး။ အဲဒီဟိုတယ်အကြီးတွေက နိုင်ငံခြားသားတွေကို အဓိကထားပြီး ဖွင့်တဲ့ ဟိုတယ်တွေ ဖြစ်တဲ့အတွက် အဲဒီဟိုတယ်တွေကတော့ ပိတ်ထားတာ။ အခုချိန်ထိတော့ ဖွင့်တော့ မဖွင့် သေးဘူး။ လောလောဆယ် ဖွင့်နေတာက ဈေးနှုန်း အသင့်တင့် ရှိတဲ့ဟိုတယ်တွေ၊ ဈေးနှုန်း အနည်းဆုံး ဟိုတယ် တွေရယ် အဲဒီဟိုတယ်တွေကတော့ ပုံမှန်တော့ အဆင်ပြေတယ်" ဟု ပြောသည်။

လက်ရှိအချိန်သည် ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှု နည်းပါးချိန်ဖြစ်သည့်အတွက် ခရီးသွားဝန်ဆောင်မှု လုပ်ဆောင်ပေးနေသည့် ကားများ၊ ဆိုင်ကယ်များ၊ မြင်းလှည်းများသည် ပုံမှန်ကောက်ခံသော နှုန်းထားထက် လျှော့ချ၍ ကောက်ခံနေကြကြောင်း သိရသည်။