CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်သေဆုံးမှုများနှင့် အဆောက်အအုံများ ပြိုကျပျက်စီးမှု များပြားသည့် မန္တလေးမြို့သို့ အိန္ဒိယနိုင်ငံသည် ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို စတင်နေပြီးဖြစ်သည်။
အိန္ဒိယနိုင်ငံသည် အမျိုးသား သဘာဝဘေးအန္တရာယ် တုန့်ပြန်ရေးတပ်ဖွဲ့ဝင်(NDRF) ၇၁ ဦးနှင့် ဆေးဘက်ဆိုင်ရာ အဖွဲ့ ၁၀ ဖွဲ့ကို မန္တလေးမြို့သို့ မတ်လ ၃၀ ရက်က စေလွှတ်ခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စတင် ဆောင်ရွက်နေပြီးဖြစ်သည်။
ထို့နောက် အိန္ဒိယ၏ NDRF သည် မန္တလေးမြို့ မစိုးရိမ်တိုက်၊ ဦးလှသိန်း ဗိမာန်တိုးချဲ့ဆောင် ပြိုကျမှုတွင် ပိတ်မိနေသော စာဖြေသံဃာများ ကယ်ဆယ်ရေးနှင့် Sky Villa ကွန်ဒို ပြိုကျမှု၌ ပိတ်မိနေသော ပြည်သူများ ကယ်ဆယ်ရေးကို စတင်ဆောင်ရွက်နေပြီးဖြစ်ကြောင်း အိန္ဒိယသံရုံးက ပြောသည်။
ဦးလှသိန်း ဗိမာန်တိုးချဲ့ဆောင်တွင် သံဃာ ၁၇၀ ဝန်းကျင် ပိတ်မိနေပြီး ပျံလွန်တော်မူသည့် သံဃာ ၉၀ ဝန်းကျင် ရှိကြောင်း သိရသည်။