CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် ကူညီ ကယ်ဆယ်ရေးများ ဆောင်ရွက်နေစဉ် ကာလအတွင်း နစကဘက်မှ အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန် လိုကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်သွားသည့် ငလျင်ဒဏ်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် နေအိမ် အဆောက်အအုံ ပြိုကျမှုများကြောင့် လက်ရှိအချိန်အထိ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်နေရဆဲဖြစ်သည်။
လက်ရှိကာလတွင် အပစ်ခတ်ရပ်စဲရေး အမှန်တကယ် လိုအပ်နေပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း မည်သူကမျှ မနှောင့်ယှက်ရန် အဓိကလိုအပ်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ်တော့ ရှိတဲ့ပုံမပေါ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအဖွဲ့တွေကို သူတို့ control ရနေတဲ့ သဘောလို့ စိတ်ထဲမှာ ထင်နေတာ။ တိုင်းပြည်ရဲ့ control ရနေတယ်ဆိုရင် သူတို့ကတော့ ရပ်မှာမဟုတ်ဘူး။ မရပ်ဘဲနဲ့ ဘာလုပ်မလဲဆိုတော့ နိုင်ငံတကာ အကူအညီတွေကို တစ်နိုင်တစ်ပိုင် ကိုယ့်လူနဲ့ကိုယ် သယ်မယ့် သဘောရှိတာပေါ့။ အပစ်အခတ်ရပ်စဲရေးကတော့ တကယ်လိုတာပါ။ ဒါကတော့ ဒီလိုအခြေအနေမျိုးမှာ အပစ်အခတ်ရပ်စဲရေးက တကယ်လိုတာ။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေးလုပ်ဖို့အတွက် အဓိကကျတဲ့ နိုင်ငံတော် အဖွဲ့အစည်းကနေ စပြီးတော့ ကြေညာပေးရင်တော့ အကောင်းဆုံးပေါ့။ အဲဒါဆိုရင်တော့ နိုင်ငံတကာ အကူအညီ ပေးရေးအဖွဲ့တွေ လွတ်လပ်စွာ သွားလာကူညီနိုင်အောင် အမြန်ဆုံးလုပ်ပေးဖို့ လိုတာပေါ့။ အပစ်အခတ်ရပ်စဲရေး ကတော့ အကောင်းဆုံး အစီအစဉ်ပဲ ၆ လ၊ တစ်နှစ် ဒီအစီအစဉ် မပြီးမချင်းရပ်ဖို့ လိုပါတယ်။ အခု EAO တွေက ပိုက်ဆံရှိတဲ့ အဖွဲ့တွေကတော့ ပေးနေပြီလေ။ ကိုးကန့်တို့၊ “ဝ” တို့ သူ့အဖွဲ့နဲ့သူတော့ ကူကြတာရှိပါတယ်။ မကူ နိုင်တဲ့ အဖွဲ့လည်း မကူဘူးပေါ့။ ဒါပေမယ့် မနှောင့်ယှက်ဘူးပေါ့။ အဓိက,ကတော့ ဘယ်သူမှ မနှောင့်ယှက်ဖို့ပဲ လိုတယ်။ တကယ်ပစ်နေတာက စစ်ကောင်စီဖြစ်နေတော့ စစ်ကောင်စီဘက်က ပြောဖို့လိုတာပေါ့” ဟု ပြောသည်။
ငလျင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို နစကဥက္ကဋ္ဌ ညွန်ကြားနေစဉ်
ငလျင်ဒဏ်သင့် ဒေသများနှင့် ဆက်စပ်သည့် ခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး သီတင်း ၂ ပတ်ကြာ ရပ်ဆိုင်းရန်နှင့် လိုအပ်သည်များကို ကူညီရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် ငလျင်ဘေးဒဏ်သင့် ပြည်သူလူထုများအပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ တတ်နိုင်သည်များကို အမြန်ဆုံး ထောက်ပံ့ကူညီပေးသွားမည်ဟု ထုတ်ပြန်ထားသည်။
မြန်မာသည် ငလျင်ဒဏ်ကြောင့် သေရေးရှင်ရေးကာလ ရောက်နေသည့်အတွက် ထိထိရောက်ရောက် အပစ်အခတ်ရပ်စဲပြီး အသက်များကယ်ရန်နှင့် လိုအပ်သူများအား ကူညီရန် အလုံးစုံ အာရုံစိုက်သင့်ကြောင့် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောထားသည်။
အခြားနိုင်ငံများမှ အပစ်ရပ်ရေး ပြောဆိုနေမှုများကို နစကအနေဖြင့် လိုက်နာမည်မဟုတ်ဘဲ တရုတ်ဘက်မှ အပစ်ရပ်ရန် ပြောဆိုလာပါက အတိုင်းအတာတစ်ခုအထိ ရပ်နိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အပစ်ရပ်နိုင်လောက်အောင် အင်အား ဘယ်လောက်အထိ သူတို့အပေါ်မှာ ဖိအားပေးနိုင်လဲဆိုတဲ့ အပေါ် မှာပဲ မူတည်တယ်။ တရုတ်ကြီးကနေ ရပ်ဆိုရင်တော့ အတိုင်းအတာတစ်ခုထိတော့ ရပ်မှာပေါ့။ ဒါပေမယ့် ရှေ့ဆက်သွားဖို့အတွက် အပေးအယူ ညှိနှိုင်းတဲ့အခါကြတော့ မရတော့ပြန်ဘူး။ အဲဒီတော့ စင်္ကာပူကရပ်ဖို့အတွက် ပြောတယ်။ ပြီးတော့ တခြားတခြားသော နိုင်ငံတွေက ခေါင်းဆောင်တွေကလည်း ပြောတာတွေ ကြားရပါတယ်။ ဒါပေမယ့် သူတို့လိုက်နာမှာ မဟုတ်ပါဘူး။ အာဏာသိမ်း စစ်ကောင်စီအနေနဲ့ကတော့ နိုင်ငံတကာက အခု အကူ အညီ ပေးလာတဲ့ဟာတွေတောင်မှ အဟန့်အတားဖြစ်အောင် တချို့ဟာတွေ တွေ့နေကြားနေရတယ် သတင်းမှာ။ နိုင်ငံတကာကိုရော ပြည်တွင်းမှာရှိတဲ့ တော်လှန်ရေး အဖွဲ့အစည်းကိုရော ဒီအချိန်မှာ ပြည်သူတွေအတွက် လမ်းဖွင့် ပေးတာ အကောင်းဆုံး လက္ခဏာဆိုပေမယ့် SAC က လုပ်လိမ့်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။
အိန္ဒိယက မြန်မာငလျင် ကူညီကယ်ဆယ်ရေးလုပ်နေစဉ်
မတ်လ ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီ ၅၁ မိနစ်ခန့်က မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းနှင့် မန္တလေးမြို့များအနီးကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ အလွန်ပြင်းထန်သည့် ငလျင်တစ်ခု စတင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး မန္တလေးတွင် မတ်လ ၃၀ ရက်နေ့အထိ ငလျင်လှုပ်ခတ်မှုများ ရှိနေသေးသည်။
ထိုငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းတို့ရှိ နေအိမ် အဆောက်အအုံ အများအပြား ပြိုကျ ပျက်စီးခဲ့ရပြီး အထဲတွင် ပိတ်မိနေသူများရှိနေသးကာ အသက်ဆုံးရှုံးသွားသူ ဦးရေမှာလည်း ထောင်နှင့်ချီရှိနေပြီ ဖြစ်သည်။
လက်ရှိတွင် နေအိမ် အဆောက်အအုံ ပြိုကျမှုများကြောင့် ပိတ်မိနေသည့် ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အိန္ဒိယ၊ ရုရှား၊ တရုတ်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ် အစရှိသည့် နိုင်ငံ များမှ ကူညီကယ်ဆယ်ရေးအဖွဲ့များလည်း လာရောက်ကူညီပေးလျက်ရှိသည်။