CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ပြည်ပခရီးသွားဝင်ရောက်မှုသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ၃ သိန်း ကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ ပြည်ပခရီးသွား ၃ သိန်းကျော်သည် လေကြောင်းလိုင်းများအပြင် နယ်စပ်ဂိတ်များမှ ဝင်ရောက် လာကြသည့် စာရင်းများဖြစ်ပြီး အများဆုံးဝင်ရောက်သည့်နိုင်ငံများမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် တရုတ်တို့ဖြစ်ကြောင်းလည်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က “၃၁၉၂၄၈ ဒါကစုစုပေါင်း ဝင်ရောက်လာတဲ့ ဧည့်သည်ပေါ့။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီလိုအချိန်မှာဆိုရင်တော့ ခြောက်သောင်းကျော်ပဲရှိတာဆိုတော့ ၄ ဆ လောက်၊ ရာခိုင်နှုန်း အားဖြင့်ဆိုရင် ၄၀၀ ကျော်၊ အဆအားဖြင့်ဆိုရင်တော့ ၄ ဆလောက် ၄ ဆကျော်လောက် တိုးတက်လာတဲ့ အနေ အထားရှိပါတယ်။ ၂၀၂၂ ခုနှစ်အထိက ကိုဗစ်က အားလုံးက ဒီအပေါ်မှာ စိုးရိမ်မှုတွေ ပိုများတာပေါ့၊ လက်ခံရမယ့် အိမ်ရှင်ရော၊ လာလည်မယ့် ဧည့်သည်ရော နှစ်ဖက်လုံးမှာ စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ မြင်ပါတယ်။ အခုကြတော့ ကိုဗစ်က သာမန်ရောဂါ တစ်ခုနီးပါးလောက်အထိကို ဖြစ်သွားပြီလို့ ယူဆရမှာပေါ့။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ချုပ် တို့ဘာတို့ ကြေညာချက်တော့ မဟုတ်ဘူးပေါ့။ သို့သော်လည်းပဲ ကျနော်တို့အမြင်အရဆိုတော့ ကပ်ရောဂါ အနေအထားမျိုး မဟုတ်တော့ဘူးလို့ ယူဆတဲ့အချိန်မှာ အိမ်ရှင်နိုင်ငံတွေကလည်း ဖြေလျှော့မှုတွေ လုပ်လာတယ်။ ဧည့်သည်တွေရဲ့ စိုးရိမ်မှုတွေကလည်း လျော့နည်းလာတဲ့အတွက်ကြောင့် ခရီးသွားပြန်လည် မြင့်တက်လာတယ် လို့ မြင်ပါတယ်” ဟု ပြောသည်။

 ဦးပိန်းတံတားပေါ်မှာ ခရီးသွားများကိုတွေ့ရစဉ်

သို့သော် ရှမ်းပြည်နယ် မြောက်ပိုင်းဘက်တွင်မူ မေလလောက်မှစတင်ကာ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု သည် သုညရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ 

ထိုသို့ ကျဆင်းရခြင်းသည် မေလ ၇ ရက်နေ့လောက်မှစတင်ကာ လက်ရှိအချိန်အထိ  နိုင်ငံခြားသား ခရီးသွား များအား လေကြောင်းလိုင်းဖြင့် ဝင်ရောက်ခွင့်မပြုတော့သည့်အတွက် ဖြစ်ကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံခြားသားခရီးသွားများအား လေကြောင်းလိုင်းဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းဘက်သို့ သွားရောက်ခွင့် မပြုခြင်းသည် ၎င်းတို့အနေဖြင့် တားမြစ်ဧရိယာများအား ကျော်လွန်၍ သွား၊လာခြင်းများ ရှိခဲ့သည့်အတွက် ထိုအချက်များလည်း ပါဝင်နိုင်ဖွယ်ရှိကြောင်းလည်း ၎င်းကပြောသည်။

“ပြီးခဲ့တဲ့ နိုင်ငံခြားသားမပိတ်ပင်ခင်အထိတော့ တစ်နှစ်ကျော်ပြီ ခရီးသွားလုပ်ငန်းက လုံးဝ ၁၀၀ ရာခိုင်နှုန်းအထိ မြင့်တက်နေတယ်ပေါ့။ ဟိုတယ်တွေဆိုရင် ကြိုတင်ဘိုကင်လုပ်မှ အဆင်ပြေမယ်။ ဒီနေ့လာ ဒီနေ့ဆိုရင် ဟိုတယ် တွေ ဘယ်လိုမှ အခန်းမရနိုင်ဘူးပေါ့ လာရှိုးမှာရော မူဆယ်မှာရော။ အဲဒီလိုအနေအထားတွေရှိခဲ့တယ်။ အခုတော့ အဲဒီလိုမဟုတ်တော့ဘဲ နိုင်ငံခြားသားတွေ မလာတော့တဲ့နောက်ပိုင်းမှာတော့ အခန်းတွေလည်း လွတ်ကုန်တယ်။ ဟိုတယ် စီးပွားရေးလုပ်ငန်းတွေလည်း တော်တော်လေး ထိခိုက်တယ်။ ကျဆင်းသွားတယ်ပေါ့။ အထူးသဖြင့် ကျနော်တို့က ဟိုတယ်အသေးလေးတွေဆိုရင် ရပ်တည်ဖို့တောင်နည်းနည်းခက်လာတဲ့ အနေအထား ဖြစ်လာ တယ်။ ဘာလို့လဲဆိုတော့ ဟိုတယ်အသေးလေးတွေဆိုတော့ အခန်းကမရှိရတဲ့အထဲကနေ မီးစက်တွေ သုံးရတဲ့ အတွက် ဆီဖိုးတွေကုန်တယ်၊ တခြား expend တွေလည်း ကြီးမြင့်လာတာဖြစ်တဲ့အတွက် တခြား expend တွေ ကုန်တာတွေနဲ့တွက်လိုက်ရင် ဟိုတယ်အသေးလေးတွေက တော်တော်ရပ်တည်ဖို့ ခက်လာတဲ့ အနေအထား ဘက်ကို ရောက်လာတယ် အခုလက်ရှိအခြေအနေပါ့” ဟု ပြောသည်။လက်ရှိ မိုးရာသီကာလသည် နှစ်စဉ်  ပြည်ပခရီးသွားဝင်ရောက်မှုသာမက ပြည်တွင်းခရီးသွားများသည်လည်း ကျောင်းဖွင့်ရာသီဖြစ်သောကြောင့် နည်းပါးလေ့ရှိသည့်အတွက် ယခုနှစ်တွင်လည်း နည်းပါးမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းရှင်များထံက သိရသည်။

ရွှေတိဂုံဘုရားကို မြင်တွေ့ရစဉ်

ထို့ကြောင့် ပွင့်လင်းရာသီကာလရောက်သည့်အခါတွင် နိုင်ငံခြားသား ပြည်ပခရီးသွားများ ပိုမို ဝင်ရောက် လာစေရန် တခြားခရီးသွားကဏ္ဍများအပြင် ဗီဇာပိုင်းနှင့်ပတ်သက်၍ ဆွေးနွေးနေမှုများ ရှိကြောင်းလည်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က CNI သတင်းဌာနသို့ ပြောသည်။

“ယခင်တုန်းက ကျနော်တို့ ပေးခဲ့ဖူးတဲ့ ဗီဇာကင်းလွတ်ခွင့်တို့၊ ဆိုက်ရောက်ဗီဇာတို့ ဒါတွေနဲ့ ပတ်သက်ပြီးတော့မှ ဘယ်လိုမျိုး ပေးနိုင်မလဲဆိုတဲ့ ဥစ္စာအပေါ်မှာ သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ဆောင်ရွက် နေပါတယ်။ လာမယ့် ပွင့်လင်းရာသီမှာတော့ ခရီးသွားလုပ်ငန်းက ပြီးခဲ့တဲ့နှစ်တွေနဲ့ နှိုင်းယှဉ်ရင် သေချာပေါက် ပြန်လည်တိုးတက်လာပါမယ်။ ပြည်တွင်းခရီးသွားလုပ်ငန်းတွေရော၊ နယ်စပ်ဒေသခရီးသွားလုပ်ငန်းတွေရော၊ ပြည်ပက ဝင်ရောက်လာမယ့် impound ခရီးသွားလုပ်ငန်းတွေရော ဒါတွေ အားလုံးက အနည်းနဲ့အများ ပြီးခဲ့တဲ့ ကာလတွေနဲ့ယှဉ်ရင် လုံးဝသိသိသာသာလေး တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခု ၅ လအတွင်း ဝင်ရောက်ကြသည့် နိုင်ငံခြားသား ပြည်ပခရီးသွားများထဲမှ အများစုသည် မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံ အထင်ကရ အဓိကနေရာများကိုသာ သွားလာမှုများပြားပြီး ရက်တိုခရီး လာသူများအနေဖြင့် ရန်ကုန်၊ ပဲခူး အနီးတဝိုက်ကိုသာ လည်ပတ်ကြသူများသာ ရှိကြောင်းသိရသည်။