CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁

ခရီးသွားလုပ်ငန်း လည်ပတ်မှု အားနည်းသွား၍ ဧည့်လမ်းညွှန်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူ ၃၅၀၀ ဦးခန့်သည် အခြားသော ဝင်ငွေရသည့် လုပ်ငန်းများကို ပြောင်းလဲ လုပ်ကိုင်နေကြရကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူနှင့် ဧည့်လမ်းညွှန် အသိုင်းအဝိုင်းမှ CNI သတင်းဌာနသို့ ပြောသည်။

ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ ဦး‌‌‌ဖြိုးဝေရာဇာက “ဧည့်လမ်းညွှန်တွေဆို တော်တော်များများက အလုပ်မရှိတဲ့အခါ ကျတော့ ဒီ့ပြင် အလုပ်တွေပြောင်းပြီး လုပ်ကြ ရတာပေါ့။ အင်္ဂလိပ်စာသင်တဲ့ ဆရာတို့၊ ဂျာမန်စာသင်တဲ့ ဆရာတို့ အဲလိုမျိုး ပြောင်းပြီးလုပ်တာ။ ဒါပေမယ့် အဲဒီ ဥစ္စာကလည်း ဘဝရပ်တည်ဖို့အတွက် မလုံလောက်ဘူး။ အချို့ တော်တော်များများကတော့ နိုင်ငံခြားတို့၊ ဘာတို့ ထွက်သွားရတာတွေပါရှိတယ် “ ဟု ပြောသည်။

မြန်မာအမျိုးသမီးဧည့်လမ်းညွှန်တစ်ဦးမှ နိုင်ငံခြားသူတစ်ဦးအား ရှေးဟောင်းပစ္စည်းဆိုင်တစ်ခု၌ ရှင်းပြနေစဉ်(ဓါတ်ပုံ-Getty Images)

မြန်မာနိုင်ငံတွင် လိုင်စင်ရ ဧည့်လမ်းညွှန်ပေါင်း ၅၀၀၀ ခန့်ရှိပြီး၊ ဧည့်လမ်းညွှန်လုပ်ငန်းဖြင့် အသက်မွေး၀မ်း ကြောင်းပြုသူ ၄၀၀၀ ကျော်ခန့် ရှိကာ၊ ကိုဗစ်ကာလနှင့် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်လာပြီးနောက်ပိုင်း ခရီးသွားကဏ္ဍ အရှိန်လျော့ကျလာသဖြင့် ဧည့်လမ်းညွှန် ၃၅၀၀ ခန့်မှာ အခြားလုပ်ငန်းများကို ပြောင်းလဲလုပ် ကိုင်လာကြခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဧည့်လမ်းညွှန်လုပ်ငန်းလုပ်လိုသူများအတွက် ဝင်ခွင့်စာမေးပွဲကို တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပပေးလေ့ရှိပြီး ဖြေ ဆိုသူ ၁၀၀၀ ၀န်းကျင်အနက်မှ အရည်အချင်း ပြည့်မီသူ ၂၀၀ ခန့်သာ အောင်မြင်ခြင်းဖြစ်ကြောင်း၊ ယင်းစာရင်း အနက်မှ နှစ်တစ်နှစ်အတွက် ထပ်တိုးဝင်ရောက်လုပ်ကိုင်သူမှာ ရာဂဏန်း မပြည့်ကြောင်း ဧည့်လမ်းညွှန် လုပ် ငန်းမှ အခြားလုပ်ငန်း ပြောင်းလဲလုပ်ကိုင်သူများထံမှ သိရသည်။

ပုဂံဒေသခံ ဧည့်လမ်းညွှန်တစ်ဦးမှ နိုင်ငံခြားသားဧည့်သည်အမျိုးသမီးတစ်ဦးအား ရှင်းလင်းပြောဆို နေစဉ်(ဓါတ်ပုံ-RFA)

ဧည့်လမ်းညွှန်ဘ၀မှ စားသောက်ဆိုင်လုပ်ငန်းနှင့် ဘာသာစကားသင်တန်းဖွင့်လှစ်လုပ်ကိုင်လာသူ မသိမ့်က “ကျွန်မတို့ tourism ဆိုတာက နိုင်ငံ‌ရေးမှာအများကြီး မူတည်နေတယ်လေ။ နိုင်ငံရေးရော ၊ စီးပွားရေးရောပေါ့။ တကမ္ဘာလုံးရဲ့ စီးပွားရေး၊ နိုင်ငံ‌ရေးပေါ်မှာ မူတည်တာပေါ့။ ကျမတို့ သိလိုက်တာတော့ ဒီခရီးသွားလုပ်ငန်း တစ် ခုတည်းမှာပဲ မှီလို့ မရတော့ဘူး။ နောက်ထပ် income တစ်ခုတော့၊ carrier တစ်ခုတော့လိုပြီဆိုတာ guide တိုင်း လိုလို သိလိုက်တယ်ရှင့်။ အဲဒါကြောင့်မို့လို့ ကိုဗစ်စဖြစ်ပြီးတဲ့နောက်ပိုင်းမှာပဲ မျိုးစုံလုပ်တယ်။ စားသောက်ဆိုင် လေးတွေ ဖွင့်တယ်။ language class လေးတွေ ဖွင့်တယ် “ ဟု ပြောသည်။

ဧည့်လမ်းညွှန်လုပ်ငန်းနှင့် အသက်မွေးဝမ်း‌ကြောင်းပြုသူများအနေဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်လာသည့် အခြားတစ်ဖက်တွင် လိုင်စင်သက်တမ်းတိုးရန် အခက်အခဲများ ကြုံတွေ့နေရသည် မှာလည်း ခရီးသွားကဏ္ဍ ပြန်လည်ဖွံ့ဖြိုးလာချိန်တွင် ဧည့်လမ်းညွှန် လုံလောက်မှုကို အခက်အခဲ ဖြစ်နိုင်စေသည် ဟု ဧည့်လမ်းညွှန်အသိုင်းအဝိုင်းက သုံးသပ်ကြသည်။