CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၆

မြန်မာနိုင်ငံရှိ ခရီးသွားဧည့်လမ်းညွှန်(Tourist Guide) များသည် လက်ရှိတွင် ကိုယ်ပိုင်စီးပွားရေး၊ ကုမ္ပဏီ ဝန်ထမ်း၊ Online shopping အစရှိသဖြင့် လုပ်ငန်းခွင် ပြောင်းလဲလုပ်ကိုင်နေကြရကြောင်း ခရီးသွား ဧည့်လမ်းညွှန်နှင့် လုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ ခရီးသွားဧည့်လမ်းညွှန်များ၏ ဘဝရပ်တည်နေထိုင်မှုပုံစံ ပြောင်းလဲသွားရခြင်းမှာ မြန်မာနိုင်ငံသို့ ကိုဗစ် ကပ်ရောဂါ စတင်ဝင်ရောက်သည့် ၂၀၂၀ ခုနှစ် ဧပြီလမှစတင်ကာ ခရီးသွားလုပ်ငန်း ထိခိုက်ကျဆင်းသွားသည့် အပြင် လက်ရှိ နိုင်ငံအရေးအပြောင်းအလဲများကြောင့်ဟု ၎င်းတို့က ပြောသည်။

၂၀၂၀ ခုနှစ် ဧပြီလမှ စတင်ကာ ခရီးသွားဧည့်လမ်းညွှန်(Tourist Guide) အဖြစ် ရပ်နားခဲ့ရပြီး လက်ရှိတွင် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေသည့် မသိမ့်က ဧည့်လမ်းညွှန်တစ်ယောက်၏ အလုပ်အကိုင်နှင့် ကိုယ်ပိုင် လုပ်ငန်းဦးစီးရသည့်အခြေအနေ ကွာခြားချက်များရှိကြောင်း CNI သတင်းဌာနသို့ ပြောသည်။

“ကိုယ်ပိုင်လုပ်ငန်းကတော့ ကိုယ်ဘယ်လောက် စွမ်းဆောင်နိုင်လဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ အစား အသောက် ရောင်းတဲ့အခါကျတော့ ၂ ခုကို လုပ်ရတယ်။ Product ရော Service ရော။ ကိုယ့် Product ကိုလည်း quality ထိန်းဖို့ ကြိုးစားရတယ်၊ နောက်တစ်ခါကျ Product line လို့ခေါ်တာပေါ့။ ဒီ Product ပြီးတဲ့အခါ သူနဲ့ ဆင်တူဘာထုတ်ရမလဲ အဲဒါတွေကိုလည်း စဉ်းစားရတယ်။ နောက်တစ်ခါ service ပိုင်းပေါ့ Product ကို ကောင်းတာတစ်ခုတည်းမဟုတ်ဘူး Service ကလည်း ကောင်းမှ။ တူတော့ မတူဘူးပေါ့လေ။ ကိုယ်ပိုင် လုပ်ငန်းရှင်ကတော့ ပိုပြီးတော့ ခေါင်းကြီးတာပေါ့။ တည်မြဲဖို့အတွက် ကိုယ့်အပေါ်မှာပဲ အများကြီး မူတည်တာ။ Guide ကကျတော့ တစ်ခုခုဖြစ်သွားပြီဆိုရင် ကိုယ့်အတွက်စာရင် အလုပ်ပြုတ်သွားတာလောက်ပဲ ရှိမယ်။ ဖြစ်လာတဲ့ပြဿနာအကုန်လုံးကို ကုမ္ပဏီပိုင်ရှင်က ရင်ဆိုင်ရတာပေါ့ မတူဘူးပေါ့” ဟု ၎င်းက ပြောသည်။

ခရီးသွားဧည့်လမ်းညွှန်(Tourist Guide) လုပ်ကိုင်ရခြင်းအား ဝါသနာပါသည့်အတွက်ကြောင့် မြန်မာနိုင်ငံ၏ ပြည်ပခရီးသွားကဏ္ဍ ပြန်လည်ကောင်းမွန်လာပါက ဧည့်လမ်းညွှန်အဖြစ် ပြန်လည်လုပ်ကိုင်ရန် စဉ်းစား ထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် လက်ရှိ၌ ပြည်ပခရီးသွားဝင်ရောက်မှုမရှိသဖြင့် ခရီးသွားဧည့်လမ်းညွှန်များအပြင် ပြည်ပခရီးသွား လုပ်ငန်းများမှာလည်း အခက်အခဲများရှိကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ပြောသည်။

ဧည့်လမ်းညွှန်တစ်ဦးမှ နိုင်ငံခြားသား ခရီးသွားများကို လိုက်လံရှင်းပြနေစဉ်

“တချို့ဆိုရင် ကိုဗစ်ကာလကတည်းက ခရီးသွားလိုင်စင်တောင် သက်တမ်းမတိုးကြတော့ဘူး။ အဲဒီလိုမျိုး ကုမ္ပဏီ လည်း များလာတယ်။ နောက်ပြီးတော့ လက်ရှိလုပ်နေတဲ့ အဓိကကတော့ နိုင်ငံခြားသားနဲ့ဆက်စပ်နေတဲ့ ခရီးသွား ကုမ္ပဏီတွေဆိုရင် တချို့ဆိုရင် လုပ်ငန်းပြန်စဖို့တောင် မနည်းကြိုးစားနေရတယ်ပေါ့။ Tourist Guide တွေ အနေနဲ့ကတော့ တချို့ဆိုရင် လုပ်ငန်းတောင် ပြောင်းကုန်ကြတယ်။ ဒါကလည်း အဓိကဘာလဲဆိုရင် Tourist ဝင်ရောက်မှုလည်း နည်းတာရယ်၊ ပြီးတော့ တချို့ကုမ္ပဏီတွေရဲ့ အလုပ်မဖြစ်တာပေါ့။ ခေါ်တယ် တချို့လည်း မလာချင်ကြဘူး။ တချို့လည်း လာတဲ့ဟာတွေက business လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးလာတဲ့ အဲဒီလိုတွေလည်း ဖြစ်တယ်။ နိုင်ငံခြားခရီးသွားဧည့်သည်နည်းတဲ့အတွက် Tourist Guide တွေအနေနဲ့ကတော့ လောလောဆယ် စိန်ခေါ်မှုတစ်ရပ်အနေနဲ့ ဖြစ်နေတာပေါ့နော်။ သူတို့အတွက်တော့ နည်းနည်း ခက်ခဲနေတဲ့ကာလလို့ ကျနော့်အနေ နဲ့ မြင်မိပါတယ်” ဟု ပြောသည်။

ထို့ကြောင့် ခရီးသွားဧည့်လမ်းညွှန်(Tourist Guide)များအား မွေးထုတ်နိုင်ရေးအတွက် ဘာသာစကား သင်တန်း များအား ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များမှ သင်တန်းများ ဖွင့်လှစ်ကာ သင်ကြားပို့ချလျက် ရှိသည်။

ယခုကဲ့သို့ ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များကို ဆုံးရှုံးလိုက်ရခြင်းသည် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ အပေါ် ရိုက်ခတ်မှုများရှိကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“ပြောရရင်တော့ အများကြီး ဆုံးရှုံးပါတယ်။ ပြန်ပြီးတော့ ဧည့်သည်ရှိလာမယ်၊ market ရှိလာမယ်၊ demand ရှိလာမယ်ဆိုရင် ဒါတွေက ပြန်လုပ်လို့ရတယ်။ ဒါပေမယ့် တစ်ဖက်ကလုပ်လို့မရတာ ဟိုတယ်ကြီးတွေမှာ စွမ်းအားပြည့်လုပ်နိုင်တဲ့သူတွေကလည်း နိုင်ငံခြားထွက်သွားကြပြီ။ တချို့လည်း နယ်ဒေသ အရပ်ရပ်ကို ရောက်သွားကြပြီ။ ဒီလူတွေ အချိန်မီ ပြန်လာနိုင်မလား၊ ပြန်မလာနိုင်ရင် ရှိတဲ့အင်အားတွေနဲ့ လုပ်တယ်ဆိုရင်တော့ Tourism က စာတတ်ရုံတစ်ခုတည်း၊ စာသင်ကျောင်းက ကျောင်းဆင်းရုံနဲ့မရဘူး။ အတွေ့အကြုံလိုပါတယ်။ 1993, 4 လောက် မှာ စပြီးတော့ ပျိုးလာတာ ၂၀၀၀ ပြည့်လွန်နှစ်မှာ တော်တော်များများ အရှိန်ရလာပေမယ့် ဒီမှာဖြစ်တဲ့ ၂၀၀၇၊ ၈၊ ၉ အရေးအခင်းတွေ၊ နာဂစ်တွေ ဘာတွေနဲ့ ပြန်လွင့်သွားကြတယ်။ ၂၀၁၂ လောက် ပြန်ဖွင့်လာတဲ့အချိန် အုံနဲ့ကျင်းနဲ့ ဝင်လာတဲ့အချိန်မှာ ကျနော်တို့မှာ Shortage ဖြစ်သွားတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ ကိုဗစ်အလွန်ကာလတွင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၏ ပြည်ပခရီးသွားလုပ်ငန်းမှာ တစ်ရှိန်ထိုး တိုးတက်အောင်မြင်လျက်ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ ပြည်တွင်းခရီးသွားများကိုသာ အဓိက အားပြုနေရဆဲ ဖြစ်သည်။

လက်ရှိအနေအထားအရ မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ ဝင်ရောက်လာရေးအတွက် အများအပြား ကြိုးစားဆောင်ရွက်ရဦးမည်ဖြစ်ကြောင်းနှင့် မလွယ်ကူလှကြောင်း လုပ်ငန်းရှင်များက သုံးသပ်သည်။