CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃

နိုင်ငံခြားသားခရီးသွားများအား မြန်မာနိုင်ငံရှိ ဘုရားများကိုသာ လှည့်ပတ်ပြနေသရွေ့ ခရီးသွားလုပ်ငန်း တိုးတက်  လာမှာ မဟုတ်သည့်အပြင် ပြည်ပခရီးသွား ဝင်ရောက်မှုမှာလည်း တိုးလာမည် မဟုတ်ကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော် က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ခရီးသွားကဏ္ဍတွင် အထင်ကရ ဘုရားစေတီပုထိုးများ၊ ဆယ့်နှစ်လရာသီပွဲတော်များမှာ ပုံမှန် လုပ်ဆောင် နေကြဖြစ်ရာ ပြည်ပခရီးသွားများအတွက် ငြီးငွေ့စေကြောင်း၊ ထို့ကြောင့် ၎င်းတို့အား ဆွဲဆောင်ရန် နှစ်စဉ် မတူညီသည့် ပွဲတော်များ၊ အစီအစဉ်များ၊ ခရီးသွားဒေသများကို ဆန်းသစ်သင့်ကြောင်း ၎င်းက ပြောသည်။

“နိုင်ငံတကာက ကျနော်တို့နိုင်ငံကိုလာဖို့အတွက်က ဘာတွေလိုအပ်သလဲ၊ ဘာတွေသူတို့ လိုချင်သလဲ၊ ဒီကို လာရင် ကျနော်တို့ ဘုရားတွေပဲ လှည့်ပတ်ပြနေလို့ အဆင်မပြေဘူး။ ကျနော်တို့ရဲ့ အလှအပလေးတွေပြ၊ သူတို့ စိတ်ဝင်စားတဲ့ဟာလေးတွေက ကျနော်တို့နိုင်ငံက ဘာတွေဖန်တီးပေးနိုင်မလဲ။ ဥပမာ demand ပေါ့နော်။ တရုတ် နိုင်ငံရဲ့ demand လိုချင်ရင် တရုတ်နိုင်ငံသားတွေ ဘာတွေကြိုက်သလဲ၊ ဒီနိုင်ငံကို သူတို့ဘာတွေ လိုအပ်သလဲ၊ ဘာတွေလာကြည့်ချင်လဲ ဒါတွေသိဖို့လည်းလိုတယ်။ နောက်ရုရှားဆိုလည်း ဒီလိုပဲ၊ ဒီအတိုင်းပဲ လာပါ လာပါ  ပြောနေပေမယ့် ဒီမှာ ဘာမှ မပြနိုင်ဘူးဆိုလည်း အဲဒီလိုပြတာထက်စာရင် ဒီမှာ ဘာမှမပြနိုင်သေးဘဲနဲ့ မခေါ်တာ က ပိုတောင်ကောင်းသေးတယ်။ ခေါ်လိုက်မှ ဒီကနေ ဘာမှမပြနိုင်သေးဘဲနဲ့ ရုရှားနိုင်ငံသားတွေ ခေါ်လိုက်တယ် လာလိုက်တယ်။ ဒီမှာဘာမှမရှိဘူးဆို ပြန်သွားရင် မြန်မာနိုင်ငံကဘာမှမရှိပါဘူးလေဆိုတဲ့စကား ဟိုကို သယ်သွား ရင် ဒါ နောက်လူလာဖို့တောင်မှ တားသလိုဖြစ်သွားတာပေါ့။ ဘာလို့ဆို သူသူ ကိုယ်ကိုယ်ပဲလေ။ ကျနော်တို့ဆီမှာ ဘုရားတွေပဲ လှည့်ပတ်ပြနေလို့လည်း အဆင်မပြေဘူး။ ပုဂံဆိုလည်း ဗုဒ္ဓဘာသာနိုင်ငံတွေလောက်သာ ပုဂံဘုရား လာဖူးရင်းနဲ့ လာကြတာကို။ နိုင်ငံခြာသားခရစ်ယာန်တွေကြတော့ ပုဂံဘုရားလာတယ်ဆိုတာ ရောက်ဖူးအောင်ပဲ သူတို့လာတာ။ နောက်တစ်ခေါက်လာဖို့ဆိုတာကတော့ သူတို့လည်း လာမှာ မဟုတ်လောက်ဘူး။ ကျနော်တို့ နိုင်ငံက ဘယ်နိုင်ငံသားကို များများလာစေချင်လဲပေါ့။ အဲဒီအပေါ်မှာမူတည်တယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ခရီးသွားဒေသ အသစ်အဆန်းများ ဖော်ဆောင်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များရှိပါက သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်းလည်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

မန္တလေးတိုင်း အမရပူရမြို့ရှိ ဦးပိန်တံတားသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားများ

လက်ရှိတွင် နယ်စပ် ဝင်၊ ထွက်ပေါက်များမှ ပြည်ပခရီးသွားများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့်အခါတွင် နိုင်ငံတကာ၌အကျုံးဝင်သည့် ကျန်းမာရေးအာမခံကို ဝယ်ယူထားပါက မြန်မာ့အာမခံလုပ်ငန်းမှ ကျန်းမာရေး အာမခံကို ထပ်မံဝယ်ယူစရာမလိုအပ်တော့ဘဲ ကင်းလွတ်ခွင့်ပြုထားသည်။

ယခင်က နိုင်ငံတကာ၌ အကျုံးဝင်သည့် ကျန်းမာရေးအာမခံဝယ်ထားသူဖြစ်သော်လည်း မြန်မာနိုင်ငံ၌ ထပ်မံ ဝယ်ယူရခြင်းဖြစ်သည့်အတွက် ထိုအချက်မှာ ပြည်ပခရီးသွားများအပေါ် အဆင်မပြေဖြစ်စေခဲ့ကြောင်း၊ ယခုကဲ့သို့ ကင်းလွတ်ခွင့်ပြုလိုက်ခြင်းသည် ကောင်းမွန်သွားကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။

ယခင်က အချို့နိုင်ငံသားများ e-visa လျှောက်ရာတွင် ၎င်းတို့ ကန့်သတ်ထားသည့် ဘောင်ထဲမဝင်သဖြင့် ပယ်ချမှု များရှိသဖြင့် ပုံရိပ်ကျဆင်းစေခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဗီဇာပိုင်းနှင့်ပတ်သက်၍လည်း ဖြေလျှော့မှုများဆောင်ရွက်သင့်ပြီး ဆိုက်ရောက်ဗီဇာ (visa on arrival) ပေးသင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။

“visa on arrival လည်းပေးသင့်တယ်။ ဟိုတုန်းကလည်း ပေခဲ့တယ်ဆိုတော့။ အခုတော့ visa on arrival ကို တရုတ်နဲ့ အိန္ဒိယကိုတော့ ပေးမယ်ပေါ့။ ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်နေ့က cabinet မှာ ခွင့်ပြုလိုက်တယ်ကြားတယ် ။ ဒီဟာကိုတော့ လ.ဝ.ကနဲ့ လုပ်ငန်းစဉ်တွေ လုပ်နေတယ်ပေါ့။ အဲဒီအထဲမှာတော့ visa fee က ၃၀ (ဒေါ်လာ) ဖြစ်မလား၊ အရင်လို ၅၀ ဖြစ်မလား မသိဘူးပေါ့။ ပုံမှန်အတိုင်းဆိုရင်တော့ ၃၀ ပဲ ရှိပါတယ်။ ဘာလို့ဆို အွန်လိုင်း ဗီဇာကြတော့ service ပါ ပါတော့ အွန်လိုင်းကနေ ဘာညာဆိုတော့ ၂၀ ပိုယူတယ်။ ဒီမှာကတော့ ၃၀ လောက်ပဲ ဖြစ်သင့်တယ်။ ၃၀ ဆိုတော့ ဘာပဲပြောပြောလေ နိုင်ငံကြီးတွေနဲ့တော့ မယှဉ်နဲ့ပေါ့နော်။ နောက်အေးဂျင့်တွေက service လုပ်မယ်ဆိုလည်း ဒါက သိပ်ဈေးမကြီးတော့ဘူးပေါ့ ဧည့်သည်တွေအတွက်။ နောက် တစ်ခုက visa on arrival ဖြစ်တဲ့အတွက်ကြောင့် ဒီ ဧည့်သည်က ဗမာပြည်ကို ဗီဇာယူဖို့ အချိန်မရဘူး။ အွန်လိုင်းလည်း လျှောက်ဖို့ အခြေအနေမပေးဘူးဆိုရင် သူက လေယာဉ်ပေါ်တန်းတက်လာရမယ်။ ရန်ကုန်ရောက် မှ လေဆိပ်ကြမှ ဖြည့်ပြီး တော့ လျှောက်မယ်ဆိုလည်း ဒါတစ်မျိုးတော့ အဆင်ပြေတာပေါ့။ ထိုင်းကတော့ စောစောကတည်းက ဒါတွေကို သိလို့ လက်ခံလိုက်တော့ ထိုင်းက တရုတ်တွေ တော်တော် တက်သွားတယ်။ နောက်တစ်ခုက သံရုံးမရှိတဲ့ တိုင်းပြည်တွေ၊ သံရုံးရှိပေမယ့်လည်း သွားဖို့လာဖို့ ဗီဇာယူဖို့ခက်တဲ့ ဝေးလံတဲ့ ကျယ်ပြန့်တဲ့တိုင်းပြည်တွေကို လည်း ပေးသင့်တယ်လို့တော့ ပြောထားပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ် ဆောင်ရွက်သွားရန်လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ပြည်ပခရီးသွားဝင်ရောက်မှုသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ၃ သိန်း ကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။