CNI News

၂၀၂၃ ခုနှစ်၊ မေလ ၃၀

ပြီးခဲ့သည့် ကြံရာသီတွင် ကြံဈေးနှုန်း ကောင်းမွန်ခဲ့ပြီး ကြံတစ်တန်လျှင် ၉၆၀၀၀ ကျပ် ရရှိခဲ့သည့်အတွက် ယခုနှစ်တွင် ကြံစိုက်တောင်သူများက ကြံကို ဧကတိုးချဲ့၍ စိုက်ပျိုးလာကြကြောင်း သိရသည်။

ပြည်တွင်း သကြားဈေးနှုန်းသည် တစ်ပိဿာလျှင် ၃၀၀၀ ကျပ် ဖြစ်နေ၍ လာမည့် ကြံရာသီတွင် ကြံဈေးနှုန်း ကောင်းမွန်နိုင်ခြင်းကြောင့် တောင်သူများက ကြံကို တိုးချဲ့စိုက်ပျိုး လာကြကြောင်း၊ လက်ရှိတွင် စိုက်ထားသည့် ဧကထပ် ထပ်မံတိုးချဲ့၍ စိုက်ပျိုးမှုများရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ကြံစိုက်တောင်သူ ဦးမောင်ဆွေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီနှစ် တောင်သူ ၂၅၊ ၃၀ ရာခိုင်နှုန်းလောက် စိုက်ကြတယ် ထပ်တိုးပေါ့နော်။ တောင်သူက ကြံဈေး ကောင်း တာကိုး၊ သကြားဈေးကောင်းတော့ ကြံဈေးကောင်းတယ်၊ ကြံဈေးကောင်းတော့ တောင်သူတွေက အကျိုးအမြတ် ရှိတော့ စိုက်ကြတာပေါ့နော်။ သကြားကလည်း ၃၀၀၀ ကျော်နေတာကိုး။ အန်ကယ် ကိုယ်တိုင်စိုက်တာ ဧက ၇၀ တိုးချဲ့စိုက်တာ။ အဲတော့ မနှစ်က ၂၃၀၀ ဆိုရင် ဒီနှစ်က ၃၅၀၀ ရရှိမယ် ကြံတန်ချိန်ပေါ့နော်” ဟု ပြောသည်။

ကြံစိုက်ပျိုးမှုနှုန်းများ တိုးလာသည့်အတွက် သကြားစက်ရုံ အသစ်များလည်း တိုးချဲ့လာမှုများ ရှိကြောင်း၊ ယခုနှစ် တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၌ သကြားစက်ရုံ ၂ ရုံနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁ ရုံ တိုးချဲ့မှုများ ရှိကြောင်း သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ကြံကို ကျိုချက်နေစဉ်

ထို့နောက် ယခုနှစ်တွင် သကြားဈေးနှုန်း ကောင်းမွန်နေသည့်အတွက် လာမည့် ကြံရာသီတွင်လည်း ကြံဈေးနှုန်း သည်လည်း ပြီးခဲ့သည့် ကြံရာသီဈေးနှုန်းထက် ပို၍ ရရှိနိုင်သည်ဟု သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “များကိုများမှာ စက်ရုံကလည်း အသစ်တွေက ထွက်လာမှာ။ အသစ်က ၂ လုံး လည်မှာ။ အဲတော့ ကြံက ကြိုပြီး စိုက်ထားတဲ့ ဟာတွေကလည်း လာမယ့်နှစ်မှာ ခုတ်သိမ်းနိုင်မှာ။ တောင်သူတွေက ဒီအချိန်မှာ မိုးရွာတဲ့ အချိန်မှာ မြေဩဇာ ကျွေးတာတို့၊ ပေါင်းရှင်းတာတို့ တကယ်ကို ကြံအထွက်တိုးအောင် လုပ်ထားမယ်ဆိုရင် ပိုမို အကျိုးရှိမှာပေါ့။ ဒါကို အာရုံစိုက်သင့်တယ်လို့ ပြောချင်ပါတယ်။ ဒီနှစ်နဲ့ အခုလက်ရှိ သကြားဈေး အခြေအနေအရ ဆို ဒါ့ထက် ကြံဈေးထက်တော့ မလျော့ဘူးပေါ့နော် အဲဒီထက် ပိုဖို့ပဲ ရှိတာပေါ့” ဟု ပြောသည်။

ကြံစိုက်တောင်သူများအတွက် သကြားစက်ရုံများက စိုက်ပျိုးမှု ဧကအလိုက် ဓာတ်မြေဩဇာနှင့် စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးခြင်းကြောင့် တောင်သူများသည် ပို၍ စိုက်ပျိုးမှု လုပ်နိုင်ခဲ့သည်ဟု စစ်ကိုင်းတိုင်း ဒေသကြီးမှ ကြံစိုက်တောင်သူများထံမှ သိရသည်။

ကြံစိုက်ခင်းကိုတွေ့ရစဉ်

ယခုနှစ်တွင် တန် ၁၀၀၀၀ နှင့် တန် ၅၀၀၀ ကို ကြိတ်ခွဲမည့် သကြားစက်ရုံအသစ် ၂ ရုံ လည်ပတ်မည် ဖြစ်သည့် အတွက် ကြံစိုက်ပျိုးမှုနှုန်းသည် ထိုသကြားစက်ရုံ လည်ပတ်မှုအပေါ် မူတည်၍ ကြံတန်ချိန်သည် ၁၅ သိန်းမှ ၁၇ သိန်းအထိ တိုးလာမည်ဟု သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် ကြံကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် အများဆုံး စိုက်ပျိုးကြ ကြောင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အနည်းငယ် စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။