CNI News

၂၀၂၃ ခုနှစ်၊ မေလ ၃၁

မြန်မာကျပ်ငွေ စက္ကူအတုများကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်၌ ပေါ်ပေါ်ထင်ထင် အရောင်းအ၀ယ် ပြုလုပ်နေသည်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားစွာ တွေ့မြင်နေရသည့်အတွက် ၎င်းတို့ကို အသွင်ယူ ဖမ်းဆီး စစ်ဆေး ခြင်းများ ပြုလုပ်ရန် လိုအပ်ကြောင်း ဥပဒေရေးရာ အသိုင်းအ၀ိုင်းနှင့် စားသုံးသူပြည်သူများက CNI သတင်းဌာန သို့ ပြောသည်။

ငွေစက္ကူရောင်းသူများ၏ ရေးသားဖော်ပြချက်များအရ ၎င်းတို့အနေဖြင့် ငွေတုများကို ထိုင်းနိုင်ငံထုတ် စက်ဖြင့် ၉၈ ရာခိုင်နှုန်းနီးပါး အစစ်နှင့်တူအောင် ပြုလုပ်ထားကြောင်း၊ ထို့ကြောင့် ဝယ်ယူသုံးစွဲသူမှ ထုတ်ဖော်မပြောလျှင် အတုမှန်းပင် မသိနိုင်ကြောင်း၊ ဘဏ်များက လွဲ၍ တခြားသော နေရာစုံတွင် အသုံးပြုနိုင်ကြောင်း သိရသည်။

တရားလွှတ်တော် ရှေ့နေ ဦးအောင်ကျော်က “ ငွေတုတွေက ပေါ်လာတယ်ဆိုပေမယ့် သူတို့က သေချာတော့ စိစစ်ပြီးတော့ မဖမ်းသေးတာပေါ့။ ဗဟိုဘဏ် အက်ဥပဒေအရ သူတို့ကို အရေးယူလို့ ရတယ်။ ပြီးတော့ ရာဇသတ်ကြီး ဥပဒေအရလည်း အရေးယူလို့ ရတယ်။ ပြင်ဆင်ထားတဲ့ ဥပဒေအရ ဆိုရင်တော့ ထောင်ဒဏ်တွေ ကလည်း ပြင်းတယ်။ အဲတော့ တကယ်တန်း အဲဒီငွေတုတွေနဲ့ ပတ်သက်ပြီးတော့ အသွင်ယူပြီး ဖမ်းဆီး စစ်ဆေး တယ်ဆိုတဲ့ ကိစ္စတွေ မရှိသေးဘူး။ အဲတာတွေကလည်း သူတို့ကြုံတဲ့ အချိန်ကျမှ ဒီအခြားအမှု တစ်ခုကို ဖမ်းတဲ့ အချိန် ပေါ်လာတဲ့ဟာကိုပဲ စစ်ဆေးတာ ရှိတယ်။ တကယ် လိုက်စုံစမ်းတဲ့ အဖွဲ့အစည်းဆိုတာတော့ မရှိသေးဘူး ပေါ့။ အဲဒီအတွက်တော့ ကြပ်ကြပ်မတ်မတ် လုပ်သင့်တယ်လို့ မြင်တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ ငွေတုများ ဝယ်ယူလိုပါက ကြိုတင်ငွေ လွှဲပေးရမည် ဖြစ်ကြောင်း၊ တရားမ၀င် ရောင်းဝယ်မှု ဖြစ်သဖြင့် ပစ္စည်းရောက်ငွေချေ မရနိုင်ကြောင်း ငွေစက္ကူအတု ရောင်းချနေသူများက ဆိုကြသည်။

ငွေစက္ကူအတုနဲ့အစစ်ကို နှိုင်းယှဉ်ပြသထားစဉ်

စမ်းချောင်းမြို့နယ်မှ ဦးအောင်နိုင်ဦးက “အွန်လိုင်းပေါ်မှာ ငွေတုတွေ လုပ်တယ်ဆိုတာက ဘယ်လိုမှကို ယုံကြည် နိုင်စရာ အကြောင်းမရှိဘူး။ လက်ခံနိုင်စရာ အကြောင်းလည်း မရှိဘူး။ ဒီအလုပ်ဆိုတာ ဥပဒေနဲ့ မကင်းတဲ့ အလုပ်၊ ဥပဒေနဲ့ မကင်းတဲ့ အလုပ်ကို အွန်လိုင်းပေါ်မှာ တင်တယ်ဆိုကတည်းက တင်တဲ့လူတွေကိုလည်း ဘယ်လို နားလည်ရမှန်း မသိဘူး။ ပြီးတော့ သူတို့ ပေးတဲ့ ငွေကြေးတွေကို သွား၀ယ်ပြီး သုံးစွဲတဲ့ လူတွေကိုလည်း ဘယ်လို နားလည်ရမှန်း မသိဘူး။ အမှန်ပြောရ မယ်ဆိုရင်တော့ နှစ်ဦး နှစ်ဖက်စလုံးက ဥပဒေနဲ့ မကင်းလွတ်ဘူး” ဟု ပြောသည်။

အစိုးရနှင့် ပုဂ္ဂလိက ဘဏ်များကတော့ ဘဏ်သို့ ငွေစု၊ ငွေလွှဲ လာရောက် ပြုလုပ်သူများထံမှ ငွေစက္ကူအတု တစ်ရွက်-နှစ်ရွက်သာ ပါလာလျှင် အပေါက်ဖောက် ဖျက်စီး၍ ဘဏ်မှ သိမ်းဆည်းထားမျိုးဖြင့် ဖြေရှင်းပေး လေ့ရှိကြောင်း သိရသည်။

ငွေစက္ကူအတုနှင့် ပတ်သက်ပြီး ၂၀၁၃ ခုနှစ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပုဒ်မ ၁၀၁ အရ ငွေစက္ကူ အတုမှန်း သိလျှက်နှင့် သုံးစွဲခြင်း ပြုပါက ထိုသူကို ငွေဒဏ်၊ သုံးနှစ်ထက် မပိုသည့် ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း၊ ပုဒ်မ ၁၀၂ အရလည်း အတုပြုလုပ်ခြင်း၊ အတုကို ပြည်ပမှ တင်သွင်းခြင်း မပြုရန်နှင့် ဖောက် ဖျက်လျှင် အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။