CNI News

၂၀၂၃ ခုနှစ်၊ မေလ ၃၁

ပြည်တွင်းရွှေဈေးနှုန်း တစ်ကျပ်သား သိန်း ၃၀ ကျော်လာသည့်အတွက် ဈေးကွက် တည်ငြိမ်စေရန် မန္တလေးတိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းမှ အရောင်းအဝယ်ကို ၁ ပတ် ရပ်နားလိုက်သော်လည်း ရွှေဈေးကွက်အပေါ် သက်ရောက်မှု ရှိလာမည် မဟုတ်ကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်များနှင့် ရွှေဈေးကွက် လေ့လာသူများက ပြောသည်။

ရွှေဈေးနှုန်း တည်ငြိမ်စေရန်အတွက် အရောင်းအဝယ် ရပ်နားခြင်းကို ယခင်ကလည်း လုပ်ဆောင်ခဲ့မှုများ ရှိခဲ့ ကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သက်ရောက်မှု မရှိနိုင်ကြောင်း ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေလင်း က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တည်ငြိမ်လာတယ်ဆိုတာ သူက ဘယ်အနေအထားကို ပြောတာလဲဆိုတာ မေးခွန်းထုတ်ရမယ်။ တည်ငြိမ် တယ်ဆိုတာ ဈေးကျသွားတာကို ပြောတာလား၊ အရောင်းအဝယ် အေးတာကို ပြောတာလား၊ ဈေးမလှုပ်ဘဲ ဒီနား မှာပဲ ငြိမ်နေတာကို ပြောတာလား၊ တည်ငြိမ်တယ်ဆိုတာ ဘာကို ရည်ရွယ်မှန်းလည်း မသိဘူး။ ရွှေဈေး တည်ငြိမ် ရေးပဲ ပြောတာ ဒါပေမယ့် ငြိမ်ပြီးရင် ပြန်ပြီး တက်လာမှာလား။ ဒုံရင်းက ဒုံရင်းပါပဲ ဒါတွေက အခုမှလည်း လုပ်ဖူး တာ မဟုတ်ပါဘူး၊ အရင်ကလည်း လုပ်ဖူးပါတယ်၊ အရင်ကလည်း ဒီလိုမျိုးတွေက လုပ်ဖူးတယ်ဆိုတော့ မထူး တော့ပါဘူး။ သိပ်ပြီးတော့ သက်ရောက်မှုတော့ ရှိမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

လက်ဝတ်ရတနာ ဒီဇိုင်းများကိုတွေ့ရစဉ်

မေလ ၂၅ ရက်နေ့တွင် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၃၀၆၀၀၀၀ ကျော် ဖြစ်ပေါ်နေ ခြင်းကြောင့် ဈေးကွက်ကို ထိန်းချုပ်သည့်အနေဖြင့် ရွှေအရောင်းအဝယ်ကို ၁ ပတ် ရပ်နားလိုက်ခြင်းဖြစ်ကြောင်း၊ လာမည့် ဇွန်လဆန်းပိုင်းတွင် ဈေးနှုန်း မတည်ငြိမ်သေးပါက အရောင်းအဝယ် ပြုလုပ်မည် မဟုတ်သေးကြောင်း မန္တလေး ရွှေလုပ်ငန်းရှင်အသင်းမှ ပြောထားသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးနှုန်း တည်ငြိမ်နေပြီ ဖြစ်ကြောင်း၊ ပြည်တွင်း ရွှေဈေးကွက်အတွင်း ဝယ်လိုအားနှင့် ရောင်းလိုအားသည် အပြောင်းအလဲ မရှိနိုင်သေးကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဈေးကွက်မှာက ဝယ်လိုအား၊ ရောင်းလိုအား မမျှတာတွေနဲ့ နောက်တစ်ခုက ဈေးတွေက ကမောက်ကမ တွေ ဖြစ်နေတော့ ဈေးကို ငြိမ်သွားအောင်လို့ ခဏ ရပ်ဆိုင်းထားတာပါ။ ဒါနဲ့ ပတ်သက်လို့တော့ တအားကြီး အပြင်မှာတော့ အရမ်းကြီး side effects တော့ အရမ်းကြီး မရှိနိုင်ပါဘူး။ အခု အခြေအနေက ကမ္ဘာ့ဈေးလည်း ငြိမ်သွားပြီဆိုတဲ့ အတွက်ကြောင့် သိပ်ပြီးတော့ ဝယ်လိုအား၊ ရောင်းလိုအား မပြောင်းနိုင်သေးဘူးလို့ မြင်ပါတယ်” ဟု ပြောသည်။

မေလ ၃၁ ရက်နေ့တွင် ပြည်တွင်းရွှေဈေးနှုန်းသည် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၃၀၄၈၀၀၀ ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့်နေ့ထက် ငွေကျပ် ၂ သောင်းခန့် ကျဆင်းနေသည်ကို တွေ့ရသည်။

ရွှေလုပ်ငန်း တစ်ခုကိုတွေ့ရစဉ်

မိုးရာသီကာလ ရောက်ရှိတော့မည် ဖြစ်သည့်အတွက် ဈေးကွက်အတွင်းသို့ ရွှေကုန်ကြမ်းဝင်ရောက်မှု နည်းမည် ဖြစ်ပြီး အရောင်းအဝယ်များလည်း ဆက်လက်၍ အေးနိုင်သည်ဟု ရွှေဈေးကွက် လေ့လာသူများက သုံးသပ်နေကြသည်။

ရွှေဈေးနှုန်း တည်ငြိမ်စေရန်အတွက် ရွှေဈေးကစားသူများကို ရှောင်တခင် အရေးယူမှုများ ရှိသော်လည်း သက်ရောက်မှု မရှိကြောင်း သိရသည်။

အလားတူ ကျပ်ငွေတန်ဖိုး ဖောင်းပွမှု၊ နိုင်ငံရေး အခင်းအကျင်းနှင့် ဒေါ်လာ အရောင်းအဝယ် အခက်အခဲများကို အကြောင်းပြ၍ ရွှေဈေးကွက်ကို အသုံးချမှုများ ရှိနေခြင်းကြောင့် ရွှေဈေးနှုန်း တည်ငြိမ်မှု မရှိဘဲဖြစ်နေသည်ဟု ရွှေ လုပ်ငန်းရှင်များက ပြောသည်။