CNI News

၂၀၂၃ ခုနှစ်၊ မေ ၁၀

စိန်ကို ပြည်ပသို့ တင်ပို့ခွင့် ကန့်သတ်ထားရာမှ လက်ရှိတွင် စိန်နှင့် ပြုလုပ်သည့် လက်ဝတ်ရတနာများကို ပြည်ပသို့ တင်ပို့ခွင့် ပြုလိုက်ပြီဖြစ်သည့်အတွက် စိန်နှင့်အတူ ရွှေထည်ပစ္စည်း တင်ပို့မှု ရှိလာမည်ဖြစ်၍ ရွှေဈေးကွက်ကျယ်ပြန့်လာနိုင်သည်ဟု ရွှေလုပ်ငန်းရှင်များက ပြောသည်။

စိန်ကို ပြည်ပသို့ တင်ပို့ခွင့် ကန့်သတ်ထားရာမှ ယခုအခါမှာတော့ လက်ဝတ်ရတနာ ပြုလုပ်၍ တင်ပို့ခွင့်ကို တော့ ခွင့်ပြုလာခဲ့ခြင်း ဖြစ်သည်။

စိန်ထည်ဆိုသော်လည်း ရွှေနှင့် လက်ဝတ်တန်ဆာ ပြုလုပ်ပြီး တင်ပို့ကြရမည်ဖြစ်သည့်အတွက် ပြည်တွင်းရှိ ပန်းတိမ်လုပ်သားများ အလုပ်အကိုင်ရရှိမှု ပိုများလာနိုင်ကြောင်း၊ ရွှေကုန်သည်များအတွက် ဈေးကွက် ကျယ်ပြန့်လာမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက်လည်း နိုင်ငံခြားငွေ ဝင်ရောက်လာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးအုန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

 မြန်မာ့ လက်ဝတ်ရတနာကိုတွေ့ရစဉ်

၎င်းက “သူက စိန်ထည်ဆိုတဲ့ အတွက်ကြောင့် ရွှေထည်ပါ တွဲသွားတာပေါ့။ ဒီလိုမျိုး ခွင့်ပြုလိုက်တယ်ဆိုတာတော့ နံပါတ် ၁ အချက်ကတော့ ပန်းတိမ်ဆရာတွေ၊ အောက်ကလုပ်နေတဲ့သူတွေ အလုပ်အများကြီး ရသွားတာပေါ့။ နံပါတ် ၂ အချက်ကတော့ ကုန်သည်တွေ ဒီလိုမျိုး ရောင်းမယ်ဆိုလို့ရှိရင် သူတို့အတွက် ဈေးကွက် ကျယ်ပြန့်တဲ့ အတွက်ကြောင့် ပိုကောင်းသွားတာပေါ့။ နံပါတ် ၃ အချက်ကတော့ ဦးတို့နိုင်ငံအတွက် ဒေါ်လာတွေ ရသွားတာပေါ့။ နိုင်ငံတော်မှာ ဝင်ငွေရတယ်ဆိုလို့ ရှိရင်တော့ နိုင်ငံအတွက် ပိုပြီးတော့ ကောင်းမွန်တဲ့ လက္ခဏာတွေ ဖြစ်သွားတာ ပေါ့။ ဒါတွေက ကောင်းတဲ့အချက်တွေပေါ့” ဟု ပြောသည်။

စိန်ကို လက်ဝတ် ရတနာအဖြစ် အချောထည် တင်ပို့ခွင့် ပြုလိုက်ခြင်းကြောင့် ပြည်တွင်းဈေးကွက် တစ်ခုတည်း သာမက ပြည်ပဈေးကွက်အထိ ရောင်းချခွင့် ရှိလာသည့်အတွက် ဈေးကွက် အလှမ်းကျယ် လာနိုင်ကြောင်း စိန် အရောင်းအဝယ် ပြုလုပ်နေသူများက ပြောသည်။

လက်ရှိတွင် ကုန်သည်များနှင့် ရင်းနှီးသည့် နိုင်ငံများသို့သာ တင်ပို့ကြမည်ဖြစ်ကြောင်း၊ ဈေးကွက်ကို စမ်းသပ် သည့် အနေဖြင့် တင်ပို့မှုများသာ လတ်တလောတွင် ပြုလုပ်ကြမည် ဖြစ်ကြောင်း စိန်နှင့် ရွှေလုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

စိန်ထည် လက်ဝတ်ရတနာကို တွေ့ရစဉ်

၎င်းက “ဈေးကွက်ကတော့ ဒီက ကုန်သည်တွေက သူက ဘယ်နိုင်ငံတွေနဲ့ သူ join မလဲဆိုတာ အဲဒီအပေါ်မှာပဲ မူတည်မှာလေ။ ဆိုပါဆို့ အိန္ဒိယနဲ့ ရင်းနှီးတဲ့သူဆိုရင် အိန္ဒိယ သွားမှာပေါ့။ ဟောင်ကောင်နဲ့ ရင်းနှီးတဲ့သူဆိုရင် ဟောင်ကောင်သွားမှာပေါ့။ တရုတ်နဲ့ ရင်းနှီးတဲ့သူက တရုတ်သွားမှာပေါ့ အဲလိုမျိုးရှိတယ်။ သို့သော် ဟောင်ကောင် ဆိုရင် သူက စိန်နဲ့ ပတ်သက်ရင် နာမည်ကြီးတဲ့ အတွက်ကြောင့် သူတို့ဆီကနေပြီးတော့ ကိုယ့်ဆီကို ဝင်တာများ တယ်။ ဒီကနေပြီးတော့ ပြန်သွားဖို့တော့ နည်းနည်းတော့ ခဲယဉ်းတာပေါ့။ လေးလေး စိတ်ထင်တော့ အင်နဲ့အားနဲ့ ထွက်တာ မဟုတ်သေးဘူး။ အခုမှ လောလောဆယ် အစပျိုးပြီးတော့ အစမ်းထွက်တာလောက်ပဲ ရှိအုံးမယ်။ အဲဒီ အတွက်ကြောင့် ဈေးကွက်မှာ အရမ်းကြီး ထိခိုက်တာ မရှိသေးဘူး” ဟု ပြောသည်။

စိန်ကို ပြည်ပသို့ ပင်လယ်ရေကြောင်း၊ လေကြောင်းလိုင်းနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတို့မှတဆင့် ပြည်ပသို့ တင်ပို့ခွင့် မပြုကြောင်း ၂၀၂၀ ခုနှစ်၊ ဩဂုတ်လတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ခြင်းကြောင့် စိန်ကို လက်ဝတ်ရတနာ အချောထည်အနေဖြင့် တင်ပို့ခွင့်လည်း မရှိကြောင်း သိရသည်။

သို့သော် ယခုအခါ ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်နေ့ ထုတ်ပြန်ချက်တွင် လက်ဝတ်ရတနာအဖြစ် ပြုလုပ်ထားခြင်း မရှိသည့် စိန်အလွတ်များကိုသာ ပြည်ပတင်ပို့ခွင့် ပိတ်ပင်ခဲ့ကြောင်း ပြင်ဆင်ထုတ်ပြန်ခဲ့သည်။