CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၀

အလုပ်လုပ်ကိုင်ခွင့် ရုပ်သိမ်းပြီး ပြည်နှင်ဒဏ် ပေးခွင့်ရှိသဖြင့် ထိုင်းနိုင်ငံရေး ဖြစ်စဉ်များတွင် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် မပါဝင်ကြရန် ထိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေ သူများက CNI သတင်းဌာနသို့ ပြောသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် ရွှေ့ပြောင်းလုပ်သားများ၏ ရပိုင်ခွင့်များကို စုပေါင်းချီတက်တောင်းဆို ခဲ့ကြရာ၌ ရွှေ့ပြောင်းလုပ်သား မဟုတ်သည့် အဖွဲ့တစ်ခုမှ ထိုင်းဘုရင်စနစ် ဖျက်သိမ်းရန် တောင်းဆိုခဲ့ကြသည်။

ထို့နောက် ထိုင်းရာဇဝတ်မှု ကျင့်ထုံးဥပဒေပုဒ်မ ၁၁၂ အရ အလုပ်လုပ်ကိုင်ခွင့် ရုပ်သိမ်းပြီး ပြည်နှင်ဒဏ်ပေးခွင့် ရှိကြောင်း ထိုင်းအလုပ်သမားညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ နောင်တွင် အလုပ်သမား အရေးနှင့်ပတ်သက်၍ ဆန္ဒပြတောင်းဆိုကြရာတွင် ပါဝင်မည့် လူပုဂ္ဂိုလ်များအား သေချာစစ်ဆေးရမည် ဖြစ်ကြောင်း MWRN မှ အကြံပေး ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီမှာ သူတို့တောင်းဆိုဖို့ ကိုင်ဆောင်လာတဲ့ စာတွေကို သတိမပြုမိလိုက်ကြတာ။ ဘာတွေရေးပြီးမှ ဘာကို တောင်းဆိုတာလဲဆိုတာမျိုး မသိတော့။ အခုအခြေအနေမှာ ထိုင်းတွေကပဲ မြန်မာရွှေ့ပြောင်းတွေရဲ့ အလုပ်သမား အခွင့်အရေးတွေ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ တောင်းဆိုတာကို ဝင်ရောက်ပြီး လူသားချင်း စာနာတဲ့စိတ်နဲ့ ပါဝင် ပူးပေါင်းတယ်ဆိုပြီးမှ ထင်မြင်လိုက်ကြတာ။ အမှန်တကယ် သူတို့ကိုင်ဆောင်ထားတဲ့ ဆိုင်းဘုတ်တွေအရ ထွက်ပေါ်လာတဲ့ အခါကျမှ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေက ထိုင်းနိုင်ငံရေးကို ဝင်ရောက်စွက်ဖက်တဲ့ အတွက်ကြောင့် ဥပဒေကြောင်းအရ ဒါတွေကို ပြစ်မှု ပြစ်ဒဏ်အရ အရေးယူတာတွေ၊ blacklist သွင်းတာတွေ၊ နေရပ်ပြန်ပို့တာတွေ ထွက်ပေါ်လာတဲ့အခါမှာ ကျနော်တို့ ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ နောင်အနာဂတ် ကာလတွေမှာ များစွာသတိထားရမယ့် အနေအထားမျိုး ဖြစ်တယ်လို့ မြင်ပါတယ်။ အထူးသတိထားရမှာပါ။ နောက်ပြီး ဘုရင်စနစ်တို့ သူ့ပြည်သူ တချို့တချို့သော ပြည်သူတွေက ကျေနပ်တယ်၊ မကျေနပ်တယ်ဆိုတာ ကတော့ သူတို့အပိုင်းပေါ့” ဟု ပြောသည်။

မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးကို မေဒေးနေ့တွင် ချီတက်တောင်းဆိုခဲ့ကြစဉ်

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ပါဝင် ပတ်သက်သူများအား ထိထိရောက်ရောက် အရေးယူသွားရန်လည်း ထိုင်း အာဏာပိုင်များဘက်မှ ပြင်ဆင်နေကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံရေး စနစ်များနှင့်ပတ်သက်၍ ဆန္ဒပြ တောင်းဆိုခြင်းများ တွင် မပါဝင်ကြရန် လိုအပ်သော်လည်း နိုင်ငံတကာ အလုပ်သမား အခွင့်အရေး ဥပဒေများနှင့် ပတ်သက်၍ ပြုပြင် ပြောင်းလဲရေး လှုပ်ရှားတောင်းဆိုမှုများကိုမူ ဥပဒေအရ ခွင့်ပြုထားကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်း လုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီး “ထိုင်းမှာ အနေကြာတာ မြန်မာတွေ ဖြစ်သလို အများစုဟာလည်း နိုင်ငံခြားသား အလုပ်သမားထဲမှာ မြန်မာတွေ ဖြစ်ပါတယ်။

နောက်တစ်ခု ဒီ မေဒေး နေ့လို့ မျိုးမှာ အလုပ်သမား တစ်ဦးတစ်ယောက်ချင်းစီရဲ့ အခွင့်အရေးအရ သူတို့ရဲ့ ဆန္ဒတွေကို တောင်းဆိုတယ်။ ထုတ်ဖော်ပြတဲ့ အချိန်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကတော့ ဥပဒေနဲ့အညီ ဆောင်ရွက်တာတွေ တွေ့ရ တယ်။ ဒီလိုမျိုး နိုင်ငံရေးနဲ့ ပတ်သက် ဆက်နွယ်ရင်တော့ တည်ဆဲဥပဒေအရ အပြစ်ပေးခြင်း ခံရမှာပဲ။ ဘာကြောင့် လဲဆိုတော့ ကျနော်တို့ဟာ သူတို့နိုင်ငံထဲကို ရောက်နေတဲ့ နိုင်ငံခြားသား အလုပ်သမားဖြစ်တဲ့ အထိုက်အလျောက် သူ့နိုင်ငံရဲ့ တည်ဆဲဥပဒေကို လိုက်နာရမှာ ကျနော်တို့ တစ်ယောက်ချင်းစီရဲ့ တာဝန်ဖြစ်တယ်။ ဘုရင်စနစ်နဲ့ ပတ်သက်ရင် လုံးဝ ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူး။ အဲဒါက နိုင်ငံခြားသားမှ မဟုတ်ဘူး။ သူ့နိုင်ငံသားလည်း ဝင်ရောက် စွက်ဖက်ခွင့် မရှိဘူး” ဟု ပြောသည်။

ထိုင်းရောက် မြန်မာများက ထိုင်းအာဏာပိုင်များကို တောင်းဆိုနေကြစဉ်

ထို့အပြင် ယခုဖြစ်စဉ်အတွင်း ထိုင်းဘုရင်စနစ်ကို ထိပါးသူများသည် နိုင်ငံခြားသား ရွှေ့ပြောင်း လုပ်သားများ မဟုတ်သည့်အတွက် ထိုင်းရောက် ရွှေ့ပြောင်း အလုပ်သမားအဖွဲ့များ စုဖွဲ့ထားသည့် ရွှေ့ပြောင်း အလုပ်သမားအဖွဲ့ (MWG)မှ ရွေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ မဟုတ်မမှန် သတင်းဖြန့်ဝေမှုများအား ရပ်တန့်ပေးရန် လည်း ထုတ်ပြန် တောင်းဆိုထားသည်။

ထိုတောင်းဆိုချက်ထဲတွင် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကာလအတွင်း ရွှေ့ပြောင်းအလုပ်သမား များအား နိုင်ငံရေး လက်နက်အဖြစ် အသုံးချခြင်းအား ကာကွယ်ပေးရန် သက်ဆိုင်ရာ အာဏာပိုင်များအား တောင်းဆိုကြောင်းလည်း ပါဝင်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှုများ စတင်နေပြီဖြစ်သောကြောင့် အရက်နှင့် ကန့်သတ် စားသောက်ကုန်များ ရောင်းဝယ်ခြင်း၊ သောက်စား မူးယစ်ခြင်းများ၊ ရန်ပြုခြင်းများအား ထိထိရောက်ရောက် အရေးယူမှု ရှိလာနိုင်ကြောင်းလည်း ထိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူများက သတိပေးသည်။