CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၀

မြန်မာနိုင်ငံမှ ခရီးသွားများ နီပေါနိုင်ငံသို့ သွားရောက် လည်ပတ်ရာတွင် ခတ်မန်ဒူ(Kathmandu)မြို့သို့ တိုက်ရိုက် လေ‌‌ကြောင်း ဆင်းသက်ခွင့်ရရန် ညှိနှိုင်းမှုများရှိနေကြောင်း Ruby Land Tourism Service မှ မန်နေဂျင်း ဒါရိုက်တာ ဦးအေးကျော်က CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် နီပေါနိုင်ငံသို့ ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ပေးရန် အတွက်လည်း ညှိနှိုင်းမှုများရှိနေကြောင်း ၎င်းက ပြောသည်။

ဦးအေးကျော်က “Myanmar National Air Line မြန်မာ့အမျိုးသားလေ‌ကြောင်းလိုင်းက CEO ရယ်၊ ဟိုမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ သံအမတ်ကြီးရယ်၊ ဒီဘက်က နီပေါနိုင်ငံဆိုင်ရာ သံအမတ်ကြီးလည်း လိုက်လာတယ် ၊ ဟိုမှာရှိတဲ့ ချစ်ကြည်ရေး သံတမန်ပေါ့ ကျနော်တို့ အဖွဲ့အစည်းတွေ ကျနော်လည်းပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ခတ်မန်ဒူမြို့ တိုက်ရိုက်လေကြောင်း ဆင်းနိုင်ရေး မြန်မာ-နီပေါ ၂၀၂၂ ခုနှစ်က ဆွေးနွေးစဉ်  

လက်ရှိ အချိန်အထိ မြန်မာနိုင်ငံမှ နီပေါနိုင်ငံသို့ လုမ္ပနီမြို့အထိသာ တိုက်ရိုက်လေယာဉ် ပျံသန်းနိုင်မှုသာရှိသေး ကြောင်း၊ မြန်မာ့ခရီးသွားများအနေဖြင့် အခြားနိုင်ငံတကာ ခရီးသွားများ ပိုမိုဝင်ရောက်မှုများသည့် ခတ်မန်ဒူ (Kathmandu)မြို့ကိုလည်း ၎င်းတို့ကဲ့သို့ တန်းတူလေကြောင်းမှ တိုက်ရိုက် သွားရောက်နိုင်ရန် လိုလားနေကြခြင်း ဖြစ်သည်။

ဦးအေးကျော်က “သူ့တို့ Kathmandu လေဆိပ်က နိုင်ငံတကာ လေဆိပ်ဖြစ်တော့ လေယာဥ်တွေ အရမ်းဆင်းတယ်။ အဲတော့ ကျနော်တို့ကိုလည်း ဆင်းခွင့် ပြုစေချင်တယ်။ နောက်သက်သာသောနှုန်းထားနဲ့ ဆင်းခွင့် ပြုစေ ချင်တယ်။ အခု သူတို့က လုမ္ပနီကိုပဲ ဆင်းခွင့်ပေးသေးတယ်။ လုမ္ပနီမှာက လေယာဥ်ကွင်း အသစ်ကြီး။ဆင်းတော့ ဆင်းတယ်။ ဒါပေမယ့် အိန္ဒိယဘက် ဂါယာဘက်ကလာတယ်၊ နောက်အိန္ဒိယက စီးပွားရေးအရ အိန္နိယကားတွေက နီပေါကို လာလို့ရတယ်။အိန္နိယကုန်တွေကို နီပေါနိုင်ငံထဲကို အကောက်ခွန်ကူးခွင့်ပေးတယ်။အိန္နိယက အကုန်လုံးရောင်းရတယ်။ မြန်မာပြည်က ဝယ်တဲ့ဆန်တွေပဲတွေသူတို့အကုန်ဝယ်တယ်။နီပေါနိုင်ငံက ကုန်းတွင်းပိတ်နိုင်ငံဖြစ်တော့ ပင်လယ်စာရှားတယ်။ ဒါကို မြန်မာပြည်ကနေ တိုက်ရိုက်လေယာဉ်သာရှိရင်ငါးတွေပုစွန်တွေပို့မယ်။ပဲတွေလည်းပို့မယ်။ စတာတွေကိုExport , Import ကုန်စည် စီးဆင်းနိုင်မယ်ဆိုရင် နှစ်နိုင်ငံအကျိုးရှိမယ်ပေါ့ ။ ဒါတွေတင် မဟုတ်ဘူး မြန်မာတွေလာရင် ဗီဇာမလိုဘဲ ဝင်ခွင့်ပေးဖို့ ၊ ဒါမှမဟုတ် သက်သာသောနှုန်းထားနဲ့ ပေးဖို့ လွယ်လွယ်ကူကူ ပေးဖို့ ပေါ့”ဟု ပြောသည်။

ခတ်မန်ဒူမြို့ကို တွေ့ရစဉ်

Kathmandu ရှိ နိုင်ငံတကာ လေကြောင်းလိုင်းသို့ တိုက်ရိုက် ဝင်ရောက် နိုင်ရေးအတွက် ပြီးခဲ့သည့် မတ်လမှ စ တင်ကာ နီပေါဘက်မှ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက လာရောက် ဆွေး‌နွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မြန်မာနိုင်ငံဘက်မှ ခရီးသွား လုပ်ငန်း အသင်းအဖွဲ့များမှလည်း လွန်ခဲ့သည့် လအတွင်း ညှိနှိုင်း ဆောင်ရွက်ခဲ့‌‌ကြောင်း၊ နီပေါမှ တာဝန်ရှိသူများ ထပ်မံ လာ‌ရောက်လျှင် နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်လက် ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်‌ကြောင်း သိရသည်။

နီပေါနိုင်ငံ၊ ခတ်မန်ဒူမြို့သို့ တိုက်ရိုက် လေယာဉ် ပျံသန်းနိုင်မည်ဆိုပါက ခရီးသွားများ အပြန်အလှန် ပို့ဆောင် ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်မည့်အပြင် နီပေါနိုင်ငံသို့ မြန်မာနိုင်ငံမှ လတ်ဆတ်သည့် ပင်လယ်စာ နှင့် ဟင်းသီးဟင်းရွက်များကိုပါ တင်ပို့သွားနိုင်မည်ဖြစ်ကြောင်း ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။