CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၃

မြန်မာနိုင်ငံ၏ ခရီးသွားဒေသများ၌ နယ်မြေလုံခြုံမှုရှိပြီး အေးချမ်းမှသာလျှင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူများ ဝင်လာနိုင်ဖွယ်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ် ဆောင်ရွက် သွားမည့်အကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chery Holding Group Co.,Ltd Deputy CEO နှင့် Rich Resource International Investment Co.,Ltd Chairman & CEO Mr. Xu Hui ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ရာတွင် ၎င်းတို့ လာရောက်ရင်းနှီးမြှုပ်နှံချင်အောင် ဆွဲဆောင် ရမည်ဖြစ်ပြီး လက်ရှိ တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၏ နယ်မြေ မလုံခြုံမှုအပေါ် စိုးရိမ်စိတ် ရှိနေကြခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

 ဒေါ်သက်သက်ခိုင်နဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံစဉ်

“ဘာလို့လဲ ဆိုတော့ အခုသူတို့က ထင်နေတာက ကျနော်လည်း ကူမင်းကုန်စည်ပြပွဲသွားထားတာ ၃ ရက်လောက် ရှိသေးတယ် ပြန်လာတာ။ သူတို့နဲ့ ခရီးသွားလုပ်ငန်းလည်း ဆွေးနွေးဖြစ်ပါတယ်။ ဆွေးနွေးဖြစ်တဲ့အခါမှာ သူတို့က လည်း အဓိကကတော့ ကျနော်တို့နိုင်ငံက မတည်ငြိမ်ဘူးပေါ့။ အရင်ဆုံးနိုင်ငံတော် ငြိမ်ဝပ် ငြိမ်းချမ်းအောင် တော့ အရင်လုပ်သင့်တယ်ပေါ့၊ သူတို့အဲဒီအချက်တစ်ချက် ဆွေးနွေးလာတာတော့ ရှိတယ်။ သူတို့လာတဲ့ အချိန် မှာ safety ဖြစ်တယ်ဆိုရင်တော့ သူတို့ ကျနော်တို့နိုင်ငံကို လာချင်တဲ့သူ တော်တော်များပါတယ်။ ကျနော်တို့ နိုင်ငံ ကို invest လုပ်ချင်တဲ့လူတွေရော၊ စီးပွားရေးအနေနဲ့ ကမ်းလှမ်းလာတဲ့ အဖွဲ့အစည်းတွေလည်း ကျနော်တို့နဲ့ လာ ဆွေးနွေးဖြစ်တာတွေ များပါတယ်။ ဆိုလိုတဲ့ အဓိပ္ပါယ်ကတော့ ကျနော်တို့နိုင်ငံကို သူတို့ တော်တော်များများ စိတ်ဝင်စားတယ်။ ကုန်စည်ကူးသန်းမှု export , import ကိစ္စလည်း သူတို့အများကြီး စိတ်ဝင်စားတယ်။ ခရီးသွား လုပ်ငန်းလည်း သူတို့ ဒီဘက်ကိုလာချင်တယ်။ ကျနော်တို့ဆီက ခရီးသွားဧည့်သည်တွေလည်း သူတို့ဆီကို လာစေ ချင်တယ်ပေါ့။ ပိုဆိုးတာက ကျနော်တို့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ နိုင်ငံခြားသားတွေကို လာခွင့်မပေးတော့တာ ပေါ့နော်။ လေယာဉ်လက်မှတ် မရောင်းပေးတာပေါ့ အဲဒါတွေ အားလုံးကလည်း ခရီးသွားလုပ်ငန်းကို တော်တော် လေး ထိခိုက်စေတယ်။
 
ဒါလေးကတော့ တကယ့်ကို ကျနော်တို့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပေါ့။ ဒါလေးကို ဖြေလျှော့ပေးဖို့ လိုအပ်တယ်ပေါ့” ဟု ၎င်းက ပြောသည်။

တရုတ် ခရီးသွားများကိုတွေ့ရစဉ်

မကြာသေးခင်က တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ သားများကို ပြည်ပသို့ အဖွဲ့လိုက် ခရီးသွားလာမှု ခွင့်ပြုသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်လာသည်ကို တွေ့ရသည်။

ထို့ကြောင့် ဝင်ရောက်လာသည့် တရုတ်ခရီးသွား ဧည့်သည်များ ငွေကြေးသုံးစွဲမှု၊ လွယ်ကူချောမွေ့စွာသွားလာ လည်ပတ်နိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ပြည်ပခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေး အတွက် ဗီဇာ ဖြေလျှော့ပေးရေးလည်း ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယခင်က တရုတ်နှင့်ပတ်သက်၍ အကောင်းနှင့်အဆိုး ၅၀ ရာခိုင်နှုန်းဖြစ်သော်လည်း တရုတ်ခရီးသွားများသည် ငွေကြေးသုံးစွဲနိုင်ကြသဖြင့် တရုတ်ခရီးသွား အများအပြား ဝင်ရောက်လာစေရေးကို ဦးစွာလုပ်ဆောင်ရန် လိုအပ် ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဟိုတယ်ဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်း ဌာနသို့ ပြောသည်။ 

၎င်းက “ဒါပေမယ့် တရုတ်က ဖွံ့ဖြိုးနေတဲ့နိုင်ငံဆိုတော့ more than ၅၀ ရာခိုင်နှုန်းက သူက spending power ကောင်း တယ်လေ။ Europe သွားတော့လည်း Chinese tourist တွေပဲ အများဆုံး တွေ့နေရတာပဲ။

 အဲဒါကြောင့် မို့လို့ သူတို့ကို welcome လုပ်တဲ့အနေနဲ့ ဂျာမနီတို့၊ ဆွစ်ဇလန်တို့ souvenir ဆိုင်ကြီးတွေ တကယ့်ဆိုင်ကြီးတွေ European အမျိုးသမီးကြီးတွေက Chinese language ကို သေချာကြီး ကောင်းကောင်း သင်ထားပြီးတော့ ဝန်ထမ်းတွေအဖြစ်နဲ့ ခန့်ထားကြတာ။ သူတို့လည်း welcome လုပ်ကြတာပဲ။ အန်ကယ်တို့ဆီမှာလည်း တကယ် သာ တည်ငြိမ်သွားမယ်၊ တရုတ်ကလည်း ဝင်လာမယ်ဆိုလို့ရှိရင်တော့ ကောင်းတဲ့ဘက်က များပါတယ်။ အဲဒါပြီးခါ မှ နောက်က restaurant တို့၊ souvenir တို့ အဲဒါတွေ ဖြေးဖြေးချင်းဝင်လာမှာ။ သူသွားမယ့် process က ဒီအတိုင်း ပဲ သွားလိမ့်မယ်။ အရင်တုန်းကတော့ အဲဒီလို open to all လုပ်တာမဟုတ်ဘူး။ လာလုပ်တဲ့ investor တွေကို နိုင်ငံတော်ကနေ requite လုပ်နေတာ။ စဉ်းတော့စဉ်းစားကြလိမ့်မယ်ထင်တယ်။ နယ်မြေအခြေအနေက မကောင်း တဲ့ အခါကြတော့။ ဒါကတော့ welcome လုပ်တာကတော့ လုပ်ရမှာပေါ့။ ကိုယ်က invite လုပ်တာပေါ့။ သို့သော် လည်းပဲ ဟိုဘက်က investor တွေကကြတော့ နည်းနည်းစဉ်းစားတော့မယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် စုစုပေါင်း ၃၆၇,၃၆၈ ဦး ဝင် ရောက်ခဲ့ပြီး ထိုထဲတွင် တရုတ်ခရီးသွား ဧည့်သည် ၄၈,၃၄၂ ဦး ပါဝင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ စာရင်း အချက် အလက်များအရ သိရသည်။