CNI News

၂၀၂၃ ခုနှစ်၊ မေလ ၉

မြန်မာနိုင်ငံအတွင်းရှိ ကြက်မွေးမြူရေး လုပ်ငန်းများတွင် လက်ရှိ၌ ကြက်အစာဈေးနှုန်းများ အဆမတန် ကြီးမြင့် ခြင်း၊ နေအပူရှိန်ကြောင့် ကြက်များ သေဆုံးခြင်းနှင့် သားပေါက်နိုင်မှု လျော့ကျသွားခြင်းတို့ကြောင့် ကြက်မွေးမြူ ရေး လုပ်ငန်းများ ကျဆင်းသွားသည်ဟု ကြက်မွေးမြူရေး လုပ်ငန်းရှင်များထံမှ သိရသည်။

အကြီးစား မွေးမြူကြသည့် လုပ်ငန်းရှင်များသာ တောင်ခံနိုင်ကြပြီး တစ်နိုင်တပိုင် ကြက်မွေးမြူရေး လုပ်ကိုင် ကြသူများသည် လက်ရှိအချိန်တွင် အစာဈေးနှုန်း ကြီးမြင့်မှုဒဏ်ကြောင့် ကြက်ခြံများကို ရောင်းချမှုများလည်း ရှိနေသည်ဟု ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့် ကိုသန်းလှိုင်က CNI သတင်းဌာနသို့ ပြောသည်။

ကိုသန်းလှိုင်က “လက်ရှိ အနေအထားမှာ အစာဈေးနှုန်းတွေ တက်သွားတဲ့ အနေအထားမှာ လျော့ကျမှုတော့ ရှိ တယ်။ တချို့ဆိုလို့ရှိရင် အစာဒဏ် မခံနိုင်တော့လို့ ရောင်းထုတ် ပစ်တာမျိုးလည်း ရှိတယ်။ လက်ရှိမှာ ကျနော်တို့ သားဖောက်တဲ့ နှုန်းပေါ့နော်၊ သားဖောက်တဲ့နှုန်းက အပူချိန် အရမ်းမြင့်မားတဲ့ အတွက်လည်း သားဖောက်ရတာ အဆင်မပြေတာတွေ ဖြစ်တယ်။ တချို့ကျတော့ လျှပ်စစ်မီး အားကိုးပြီးတော့ ဖောက်စက်နဲ့ ဖောက်တဲ့သူတွေ လည်း ဒုက္ခရောက်ကြတာတွေ ရှိတာပေါ့။ ရာသီဥတုဒဏ် မခံနိုင်လို့ ကြက်တွေ သေတာမျိုးတွေလည်း ရှိတယ်။ ချွဲထပြီးတော့ ချွဲမနိုင်တဲ့ ဟာမျိုးတွေလည်း ရှိတယ်။ အပူချွဲတို့ ဘာတို့ပေါ့နော်။ ဥဖောက်နှုန်းဆို ကျနော်ဆို မနေ့ က ၉ လုံး ဖောက်တာပေါ့နော်။ ကြက်မနဲ့ ဖောက်တာကို တစ်လုံးမှ မရဘူး။ တစ်ခုကျတော့ ၆ လုံး ဖောက်တာကို ၂ လုံး အောင်တယ်။ အမှန်ဆိုရင် ကျနော်တို့ ပုံမှန်အားဖြင့်ဆို အများဆုံး မအောင်ဘူးဆိုရင် ၁ လုံးလောက်ပဲ မျိုးမ အောင်တာမျိုးတွေ ဖြစ်တတ်တယ်လေ။ အခုဥစ္စာက ဆန့်ကျင်ဘက် ပြန်ဖြစ်သွားပြီ။ တောင့်ခံနိုင်တဲ့ သူကတော့ ဥပမာ အကောင်ကြီးတွေပေါ့နော်၊ မိတ်များများရှိတဲ့ သူမျိုးတို့ ဘာတို့ပဲ တောင်ခံနိုင်တယ်။ normal user တို့၊ သာမန် လူလောက်တော့ တောင့်ခံနိုင်မယ် မထင်ဘူးဗျ။ လွှတ်ကျောင်းသမားတွေဆို ပြဿနာ အဲဒီလောက် မရှိ ဘူး။ မွေးမြူရေးသမားတွေ တော်တော်များများ ကျနော်တို့ကြားတာ တော်တော်များများ ထုတ်ပြီးပြီဗျ အစာဖိုး ကြောင့်ပေါ့နော်။ သူတို့ မကိုက်တော့ဘူး။ ဥစားကြက်တွေဆိုရင် ဖြုတ်တာတို့လည်း ရှိတယ်။ တော်တော်များများ ခြံတွေ ဖြုတ်ကုန်ကြပြီ” ဟု ပြောသည်။

ကြက်မွေးမြူရေး လုပ်ငန်းတစ်ခုကိုတွေ့ရစဉ်

ဥစားကြက်နှင့် အသားစားကြက်များအတွက် အသုံးပြုသည့် အစာများသည် ပြည်ပမှ တင်သွင်းရခြင်းကြောင့်  လက်ရှိတွင် ဈေးနှုန်း မြင့်တက်ခြင်းများ ဖြစ်ပေါ်နေကြောင်း၊ ယခင်က တစ်အိတ်လျှင် ၅ သောင်းကျပ် ရှိသော် လည်း လက်ရှိမှာတော့ ၈ သောင်းကျပ် ဖြစ်ပေါ်နေကြောင်း ကြက်မွေးမြူသူများထံမှ သိရသည်။

အစာဈေးနှုန်း ကြီးမြင့်မှုအပြင် နေအပူရှိန်ကြောင့် ကြက်များ သေဆုံးမှု ဖြစ်ပေါ်သည့်အတွက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း၊ ကြက်သားဈေးနှုန်းများ မြင့်တက်လာသော်လည်း မွေးမြူသည့် ကုန်ကျစရိတ် ကြီးမြင့်ခြင်း ကြောင့် အကျိုးအမြတ်ရရှိမှု နည်းပါးသည်ဟု မန္တလေးတိုင်းဒေသကြီးမှ ကြည်ပြာ ဥစားကြက် မွေးမြူရေး လုပ်ငန်း မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုက နေပူတာလည်း ကြမ်းတော့ ကြက်က အရမ်းကြီး မွေးလို့ မဖြစ်ဘူးလေ။ ကြက်သေတာလည်း များ တာပေါ့။ ပြီးတော့ ကြက်ဆေးတွေကလည်း ဈေးကြီးတော့ ကုန်ကျစရိတ်တွေက ပိုများလာတာပေါ့။ ကြက်သား ဈေးတွေ တက်တယ်ဆိုပေမယ့်လည်း တကယ်တမ်း ကုန်ကျစရိတ်နဲ့ ဘာနဲ့ ပြန်ကြည့်လိုက်တော့လည်း အရင်းသာ သာ လောက်ပဲ ရှိတယ်၊ တစ်ခါတလေကျရင် ကြက်သေ များသွားတဲ့ကာလ၊ ရောဂါဖြစ်များတဲ့ ကာလဆိုရင် ရှုံးတဲ့ သူတောင် များတယ် အဲဒီလို ဖြစ်တာ။ ကြက်ကောင်ရေ လျော့သွားတယ်၊ လျှော့ချလိုက်တာရယ်၊ ရောဂါဖြစ်ပြီး သေကြတာနဲ့ ဘာတွေနဲ့ လျော့သွားတယ်။ ၁၅ ရာခိုင်နှုန်းလောက် လျော့သွားတယ် အကောင်ရေတော့လေ” ဟု ပြောသည်။

ကြက်ဥများကိုတွေ့ရစဉ်

ရောင်းတန်းဝင် ကြက်တစ်ကောင် ဖြစ်ရန်အတွက် ၄၅ ရက် ကြာမြင့်ကြောင်း၊ လက်ရှိတွင် ကြက်သားပေါက် မွေးမြူမှုများကို လျှော့ချလာကြကြောင်း၊ လုပ်ငန်းတိုးချဲ့ လုပ်ကိုင်ရန်ထက် လက်ရှိတွင် လုပ်ငန်းပြောင်းလဲ လုပ်ကိုင်ရန်အတွက် ရပ်နားသွားသူများသာ ရှိနေကြောင်း ကြက်မွေးမြူသူများက ပြောသည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယခင်က ကြက်သား စားသုံးမှုသည် တစ်ရက်လျှင် ကြက်သားပိဿာချိန် ၆ သိန်းခန့် စားသုံးနေပြီး ရန်ကုန်တိုင်းဒေသကြီး၌ တစ်ရက်လျှင် ကြက်သားပိဿာချိန် ၂ သိန်းခန့် စားသုံးကြောင်း စားသုံးသူ ရေးရာ ဦးစီးဌာနထံမှ သိရသည်။