CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉

တရုတ်နိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားနေမှုအား အတိုင်းအတာတစ်ခုအထိ ပြေလည် ကောင်းမွန်သွားစေရန်အတွက် ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် (Familiarization Trip - FAM Trip) ကို ပြုလုပ်သွားရန်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

၎င်းခရီးစဉ်အား လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပြုလုပ်ရန် လျာထားပြီး ယူနန်ပြည်နယ်ရှိ ခရီးသွား ကုမ္ပဏီ များ၊ တရုတ်နိုင်ငံရှိမီဒီယာများ၊ Influencer များ၊ Blogger များကိုလည်း ဖိတ်ခေါ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လောလောဆယ်မှာတော့ တရုတ်ပြည်မှာလည်း No More Bets ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ မြန်မာ နယ်စပ်မှာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုတဲ့ နည်းနည်းလေး ဝါဒဖြန့်မှုသဘောမျိုးလေးဖြစ်သွားတာပေါ့ ရုပ်ရှင် ကနေပြီး မြန်မာပြည်အပေါ်မှာ တရုတ်နိုင်ငံသားတွေအနေနဲ့ စိုးရိမ်မှုတွေ နည်းနည်းဖြစ်သွားတယ်လို့ သိရတာ ပေါ့။ အဲဒါကြောင့်မို့လို့ ဒါတွေမဟုတ်ပါဘူး၊ လာရောက်လည်ပတ်ကြည့်ပါဆိုတာကို သူတို့ဆီက နာမည်ကြီးတဲ့ Influencer ခေါ်မှာပေါ့။ သူတို့ရဲ့ ပြည်နယ်အပေါ်မှာ လွှမ်းမိုးနိုင်တဲ့လူတွေ၊ နောက် မီဒီယာတွေ ဒါတွေကို ဖိတ်ပြီးတော့မှ ဒီမှာအခြေအနေအမှန်တွေကို လာရောက်လည်ပတ်ရင်းနဲ့ ကြည့်နိုင်အောင်လို့ ဖိတ်ခေါ်ခဲ့တဲ့ သဘောပါပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

No More Bets ရုပ်ရှင်ဇာတ်ကားပိုစတာ

No More Bets ဟု အမည်ပေးထားသည့် တရုတ်ရှင်ရှင်ဇာတ်ကားသည် မြန်မာနှင့် ကမ္ဘောဒီးယားတို့ရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းများအကြောင်း ရိုက်ကူးထားခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က တရုတ်၌ ပထမဆုံး အကြိမ် ရုံတင်ပြသခဲ့ရာ ရက်ပိုင်းအတွင်း တရုတ်ပြည်သူများအကြား တုန်လှုပ်ဖွယ် ရေပန်းစားခဲ့ခြင်းဖြစ်သည်။

ထိုရုပ်ရှင်ကြောင့် တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံသို့ မသွားကြရန် လှုံ့ဆော်မှုများမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ညှိုးနွမ်းထိခိုက်စေခဲ့ကြောင်း တရုတ်နိုင်ငံ နန်နင်းမြို့ရှိ ကောင်စစ်ဝန်ချုပ် က ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံး၊ ညွှန်ကြားရေးမှူးကို ပြောကြားခဲ့သေးသည်။

ယခုဖော်ဆောင်မည့်  FAM Trip ခရီးစဉ်တွင် မြန်မာနိုင်ငံကို တရုတ်ခရီးသွားများ ပိုမိုစိတ်ဝင်စားလာစေရန် အတွက် ကမ်းခြေများ၊ ရန်ကုန်၊ ပုဂံ၊ မန္တလေး အစရှိသည့် ဒေသများသို့ လိုက်ပါပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်ခရီးသွားများကို ပြန်လည်ဆွဲဆောင်ခြင်းဖြစ်သည့် FAM Trip ခရီးစဉ်အား အမှန်တကယ် အကောင်အထည် ဖော်နိုင်မည်ဆိုပါက ကောင်းမွန်မည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက သုံးသပ် ကြသည်။

ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် တရုတ်ခရီးသွားများကို ကြိုဆိုဧည့်ခံနေစဉ်

သို့သော် မြန်မာနိုင်ငံ၏ ပုံရိပ်ဟု လူသိများသော ခရီးစဉ်‌ဒေသများထက် အခြားခရီးစဉ်ဒေသများကိုလည်း ဖော်ဆောင် ပြသသင့်ကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

“အဓိကကတော့ ခရီးစဉ်တွေဖော်ဆောင်တာလည်း ကမ်းခြေတို့၊ ပုဂံတို့၊ အင်းလေးတို့ မြို့ကြီးတွေပေါ့။ ဒီလောက် ပဲ ခရီးစဉ်တွေ အဓိက အားထည့်ပြီးဖော်ဆောင်နေကြတာပေါ့။ တကယ်တမ်း ကျနော်တို့အမြင်အနေနဲ့ကတော့ တစ်ခါလာဖူးတဲ့လူက နောက် မလာချင်တော့ဘူး။ ထပ်ဆွဲဆောင်ဖို့အတွက် နေရာတွေရှာဖွေသင့်တယ်လို့ မြင်တယ်။ ဥပမာ ဆောင်းတွင်းဆို ရေခဲတောင်ဘက်မှာ ခရီးစဉ်တွေ ဖော်ဆောင်တာတို့၊ လုံခြုံရေးတွေပေးနိုင်တာ တို့၊ ဒီလိုမျိုးလေးတွေ နိုင်ငံတကာကို ချပြပြီး ကျနော်တို့နိုင်ငံမှာ ဒီလိုလှပတဲ့ ‌ရေခဲတောင်တွေလည်းရှိတယ်။ ပြီးတော့ Mountain Trip တွေပေါ့။ ဖန်တီးပေးသင့်တယ်။ တောင်ဆင်း၊ တောင်တက်လေးတွေ။ နည်းနည်းရှုခင်းလှတဲ့နေရာလေးတွေကို အဲဒီလိုခရီးစဉ်တွေ ဖော်ဆောင်စေချင်ပါတယ်။ ဒါဆိုရင် မရိုးတော့ဘူးပေါ့” ဟု ၎င်းက ပြောသည်။

ယခု ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် ပွင့်လင်းခရီးသွားရာသီတွင် ခရီးသွားဝင်ရောက်မှုသည် ပြီးခဲ့သည့် နှစ်ကာလတူ ထက် ပိုမိုဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားကြကာ လာမည့် ပွဲတော်များ၊ ပိတ်ရက်များတွင် ပြည်တွင်းခရီးသွား လာမှုနှုန်းထား အရှိန်အဟုန်မြင့်တက်နိုင်ဖွယ်ရှိကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် လုပ်ငန်းရှင် များက သုံးသပ်ကြသည်။]