CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၅

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အရေးကိစ္စနှင့်ပတ်သက်၍ လုပ်ဆောင်ပေးမှု အားနည်းကြောင်း ပြည်ပနိုင်ငံများတွင် မြန်မာရွှေ့ပြောင်းလုပ်သားများအား ကူညီဆောင်ရွက်ပေးနေသည့် မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ကိုသားကြီးက NUG အနေ ဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအပေါ်တွင် ထိရောက်သည့် အကူအညီများ ပေးနိုင်ရန်နှင့် ထိုင်းအစိုးရမှ NUG အား အစိုးရအဖြစ် အမြန်ဆုံး အသိအမှတ်ပြုရန်အတွက် ပိုမိုကြိုးစားရန် လိုအပ် ကြောင်း CNI သတင်းဌာနသို့ ပြောသည်။

ကိုသားကြီးက “ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ NUG ရဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေအပေါ်မှာ ကူညီမှုတွေ အင်မတန် အားနည်းပါတယ်။ ရိုးရိုးသားသား ပြောရရင်တော့ လုံးဝ အားမရပါဘူး။ ကျနော်တို့နိုင်ငံရဲ့ တိုင်းပြည်အခြေအနေ အရေးပေါ် ဖြစ်နေတဲ့အချိန်မှာ NUG အစိုးရအနေနဲ့ ဘက်ပေါင်းစုံ၊ နေရာပေါင်းစုံထောင့်စိပေါ့နော် အလွှာအသီးသီးမှာ တာဝန်ယူကြတာ ဖြစ်တဲ့အတွက် တချို့အလုပ်သမားရေးရာမှာ အလုပ်သမားတွေ ပြဿနာ မှာ NUG အစိုးရအနေနဲ့ မိမိတို့ရဲ့ ကျွမ်းကျင်တဲ့ side မဟုတ်တဲ့အတွက် အလုပ်လုပ်တဲ့ နေရာမှာ အင်မတန် အခက်အခဲ ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရင် ဝန်ကြီးအစ ဒုဝန်ကြီး၊ ညွှန်ချုပ် အစရှိသ၍ပေါ့နော် NUG လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန တစ်ခုလုံးက အလုပ်သမားအရေး ကူညီဆောင်ရွက်တဲ့နေရာမှာ၊ ကိုင်တွယ်တဲ့နေရာမှာ အင်မတန်ညံ့ဖျင်းတယ်လို့ ပြောချင်ပါတယ်။ ဒါကတော့ မြေပြင်မှာ တကယ် ဖြစ်ပျက်နေတဲ့ အမှန်တွေကို ကျနော်တို့ ဒါ ထောက်ပြလိုက်တာပေါ့။ အဲဒီတော့ အားရမှုတော့မရှိပါဘူး” ဟု ပြောသည်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားကို တွေ့ရစဉ် 

NUG အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများဖြင့် အလုပ်သမားအရေး ကိစ္စနှင့်ပတ်သက်၍ အကြိမ်ကြိမ် ဆွေးနွေးမှုများ ပြုလုပ်ကာ ကြိုးစားနေသည်ကို မြင်တွေ့ရကြောင်းလည်း ကိုသားကြီးက ပြောသည်။

တောင်ကိုရီးယားနိုင်ငံသည် လူ့အခွင့်အရေး ဦးစားပေးနိုင်ငံဖြစ်သဖြင့် ရွှေ့ပြောင်းလုပ်သားများ၏ အရေးကိစ္စနှင့် ပတ်သက်လျှင် ၎င်းတို့နိုင်ငံရှိ စင်တာများ၊ NGO များမှသာ အဓိက ကူညီဖြေရှင်းပေးခြင်း ဖြစ်ကြောင်း ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီ ထောက်ပံ့ရေးစင်တာမှ တာဝန်ခံ ကိုခန့်နေကြည်က CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံမှာရှိနေတဲ့ အစိုးရရဲ့ ဘတ်ဂျက်နဲ့လည်ပတ်နေတဲ့ အလုပ်သမားစောင့်ရှောက်ရေး စင်တာတွေကလည်း မြို့တိုင်း မြို့တိုင်းမှာ ရှိတယ်။ လုပ်အားခ မရရှိမှုတို့၊ စက်ရုံအတွင်းထဲမှာ ရိုက်နှက်ခံရမှုတို့ ဖြေရှင်းတာတွေ၊ ကုမ္ပဏီပြောင်းရွှေ့ဖို့ ဖြေရှင်းတာတွေ၊ နောက် ကျန်းမာရေးဆိုင်ရာ အာမခံရဖို့ ဖြေရှင်းတာတွေ အားလုံးကတော့ ယခင်ကတည်းကကိုပဲ သံရုံးက ဆောင်ရွက်မှုတွေ မရှိပါဘူး။ ကိုရီးယားနိုင်ငံထဲ မှာရှိတဲ့ ကိုရီးယားအစိုးရရဲ့ ဘတ်ဂျက်နဲ့ လည်ပတ်တဲ့ စင်တာတွေနဲ့ အရပ်ဖက် NGO အဖွဲ့အစည်းတွေ၊ အလုပ် သမား ကူညီစောင့်ရှောက်ရေး အဖွဲ့အစည်းတွေကပဲ လှုပ်ရှားဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် အခုနောက်ပိုင်း မှာတော့ NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနဖြစ်စေ၊ စစ်တပ် အာဏာသိမ်းထားတဲ့ သံရုံးကပဲဖြစ်စေ ထူးခြား ပြောင်မြောက်တဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုတာမျိုးတော့ ယခင်ကထက် ထူးခြားလာတာမျိုးတော့ မရှိဘူးလို့ သုံးသပ်ပါတယ်”ဟု ပြောသည်။

သို့သော် အချို့ကိစ္စများတွင် မြန်မာသံရုံးနှင့် လက်တွဲဆောင်ရွက်ရသည့် အပိုင်းများရှိကြောင်းနှင့် NUG အနေဖြင့် လည်း တစ်ခါတစ်ရံ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ပြဿနာများအား ကူညီဆောင်ရွက်ပေးခြင်းမျိုး ရှိကြောင်း လည်း ကိုခန့်နေကြည်က ပြောသည်။

NUG အနေဖြင့် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ အရေးကိစ္စများအား ထိထိရောက်ရောက် ကူညီဖြေရှင်း ပေးနိုင် ရန်အတွက် လက်ရှိ ဖွဲ့စည်းထားသည့် NUG အလုပ်သမားဝန်ကြီးဌာနမှ လူပုဂ္ဂိုလ်များအား ပြောင်းလဲရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသည့် ကိုသားကြီးက ပြောသည်။

NUG ကို ထောက်ခံကြောင်း ပြသနေကြစဉ်

၎င်းက “မြန်မာနိုင်ငံသား အများဆုံးရှိတဲ့ ထိုင်းနိုင်ငံထဲမှာ NUG အစိုးရက တာဝန်ပေးထားတဲ့ အလုပ်သမား ဝန်ကြီးဌာန တစ်ခုလုံးကို လုပ်ငန်း ကျွမ်းကျင်သူတွေကို ခန့်အပ်သင့်တယ်။ တာဝန်ပေးသင့်တယ်ပေါ့။ ဒါ ကျနော် တို့ အနေနဲ့ ချစ်ခြင်း၊ မုန်းခြင်း မရှိပါဘူး။ မီးလောင်တဲ့အချိန်မှာ ကျနော်တို့ ရရာ ရေနဲ့ ဒီမီးကို ငြိမ်းရမှာ ဖြစ်တဲ့ အတွက် ကျနော်တို့ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရသည် အမျှော်အမြင် ကြီးကြီးနဲ့ အောက်ခြေ မြေပြင်မှာ ဖြစ်နေတဲ့ ပြဿနာ တစ်စုံတစ်ရာ တစ်ခုချင်းစီကို သိဖို့လိုအပ်တာပေါ့။ အဲဒီတော့ အတတ်သိ ပညာရှင်တွေကို သက်ဆိုင်ရာ ဌာနတွေမှာ ထားသင့်တယ်ပေါ့။ အလုပ်သမားအရေးကို တာဝန်ပေးတယ်ဆိုရင် အဲဒီအလုပ်သမား ဝန်ကြီးဌာန တစ်ခုလုံးကို လုပ်ငန်းကျွမ်းကျင်သူနဲ့ အဲဒီမှာ တာဝန်ပေးခြင်း ခံရတဲ့သူဟာ မြေပြင်မှာရှိတဲ့ အလုပ် သမားတွေနဲ့ နီးစပ်တဲ့သူတွေ၊ အတတ်သိ ပညာရှင်တွေကို တာဝန်ပေးသင့်တယ်လို့ ကျနော်အနေနဲ့ အကြံပြု လိုတယ်” ဟု ပြောသည်။

လက်ရှိတွင် နိုင်ငံရေး အခြေအနေနှင့် စီးပွားရေး၊ လုပ်ခလစာ စသည့် ပြဿနာများကြောင့် မြန်မာနိုင်ငံမှ လူ အများအပြားသည် ပြည်ပနိုင်ငံများသို့ အများအပြား ထွက်ခွာနေကြသည်ကို မြင်တွေ့လာရသည်။

ထိုထဲတွင် ထိုင်းနိုင်ငံ၊ မလေးရှား၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ အဓိကအများဆုံး သွားရောက်နေကြခြင်း ဖြစ်ကာ လက်ရှိတွင်လည်း ပြည်ပသို့ ထွက်ခွာရန်အတွက် မြန်မာနိုင်ငံကူး လက်မှတ်အား အများအပြား လျှောက်ထားလျက် ရှိကြသည်။