CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၅

ကိုရီးယား - မြန်မာ ချစ်ကြည်ရေးတံတားဖြစ်သည့် ဒလတံတားတည်ဆောက်နေမှုသည် လက်ရှိတွင် ရာခိုင်နှုန်း ထက်ဝက်ကျော် ပြီးစီးနေပြီဖြစ်သည့် အတွက်ကြောင့် ဒလမြို့နယ်၏ အိမ်ခြံမြေဈေးကွက်၌ ဝယ်ယူမှု များပြားလာ ပြီး ဈေးနှုန်းများလည်း အဆမတန် မြင့်တက်လျက်ရှိနေကြောင်း ဒလမြို့နယ် ဒေသခံများနှင့် အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ဒလတံတားစီမံကိန်း အခြေအနေကြောင့် လက်ရှိတွင် မြေကွက်များ အဝယ်လိုက်လာနေပြီး တစ်လထက်တစ်လ ဈေးနှုန်းမြင့်တက်နေကြောင်း၊ ယခင်က သိန်း ၈၀၀ ရှိနေသည့် မြေကွက်သည် လက်ရှိတွင် သိန်း ၁၅၀၀ အထိ ဖြစ်သွားသည်ဟု MKTT အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းမှ ကိုမင်းမင်းက CNI သတင်းဌာနသို့ ပြောသည်။

ဒလမြို့ကိုတွေ့ရစဉ်

ကိုမင်းမင်းက “အဓိကကတော့ တံတားရဲ့ပြီးစီးမှု ရာခိုင်နှုန်းပေါ် မူတည်ပြီးတော့ လူတွေရဲ့ စိတ်ဝင်စားမှု ပိုများ တာပေါ့နော်။ အခုက ကျနော်တို့ ရန်ကုန် ဘက်ခြမ်းဆိုရင် ၅၀ ရာခိုင်နှုန်းကျော်လောက် ပြီးနေပြီဆိုတော့ ပြီးတော့ ငွေဈေးကလည်း ထိုးကျနေတဲ့ အချိန်ဆိုတော့ လူတွေက နည်းနည်းလေး ခိုင်မာတဲ့ပုံစံမျိုးလေးတွေမှာ ရင်းနှီးမြှုပ် နှံတာတွေ ပိုပြီးတော့ စိတ်ဝင်စားကြတာပေါ့ တချို့ကျတော့။ အဲဒီတော့ ကျနော်တို့ ဒီဘက်မှာ မြေကွက် အရောင်းအဝယ်လေးတွေက နည်းနည်းလေး ပိုလိုက်လာတာ တွေ့တယ်။ ပြီးတော့ မြေဈေးတွေကလည်း တစ်နေ့ တစ်နေ့ တောက်လျောက် တက်နေတာမျိုး ဖြစ်နေတယ်ဗျ။ တစ်ပတ်နဲ့ တစ်ပတ်ဈေးတောင် မတူဘူး။ တစ်လ လောက်ဆိုလည်း သိန်းကို ဆယ်ဂဏန်းလောက် ဟသွားတာမျိုးတွေရှိတော့ အဲဒီအပေါ်မှာလည်း လူတွေ ပိုစိတ် ဝင်စားတာပေါ့ မြေကွက်ကို။ အဲဒီတော့ အရောင်းအဝယ်လေးတွေက ပုံမှန်ထက် ပိုဖြစ်နေတယ်ခင်ဗျ။ ကျနော်တို့ ဒီပတ်ဝန်းကျင်မှာပဲကို မြေကွက်က အရင် ၂၀ - ၆၀ ဆိုရင် ၈၀၀ လောက်ပေါ့နော်။ ၈၀၀ ပတ်ပတ်လည်လောက် ကနေ အခုဆိုရင် ၁ လလောက်၊ ၂ လအတွင်းမှာတင် ဈေးက ၁၃၀၀၊ ၁၅၀၀ လောက်အထိ ဈေးတက်သွားတာတွေ ရှိတယ်” ဟု ပြောသည်။

ဒလမြို့နယ်၏ အဓိက အချက်အချာ ဖြစ်သည့်အပြင် ဒလတံတား အဆင်းတွင် တည်ရှိနေသည့် တပင်ရွှေထီး ရပ်ကွက်နှင့် ကျန်စစ်သား ရပ်ကွက်များတွင် အရောင်းအဝယ် ပို၍ ဖြစ်နေသည်ဟု သိရသည်။

အိမ်ခြံမြေ အရောင်းအဝယ် မြင့်တက်လာသည်မှာ ယခုနှစ် အစပိုင်းမှ စတင်၍ ဖြစ်ကြောင်း၊ လက်ရှိတွင် မြေကွက် ဈေးနှုန်းများ ကောင်းမွန်နေသည့်အတွက် ဒေသခံတချို့သည် ၎င်းတို့၏ မြေကွက်ကို ရောင်းချနေကြောင်း သိရသည်။

ထို့နောက် ဒေသခံများသည် ဈေးနှုန်းသက်သာသည့် တခြားသော နေရာများသို့ ပြန်လည် ဝယ်ယူကြသည့်အတွက် အရောင်းအဝယ် ပို၍ ဖြစ်နေခြင်းဖြစ်ကြောင်း ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးဝင်းက CNI သတင်းဌာနသို့ ပြောသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်မှုကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့ဆီမှာတော့ အိမ်ခြံမြေကတော့ ဝယ်လိုက်၊ ရောင်းလိုက်ပေါ့နော် အဲဒါမျိုးတော့ ရှိတယ် အိမ်ခြံ မြေတော့ အဝယ်လိုက်လာတာပေါ့။ ဘယ်လိုကြောင့် မြင်မိလဲဆိုရင် ကျနော်တို့ ဒလမြို့ကြီး ဖွံ့ဖြိုးတိုးတက် လာ တယ်ဆိုတဲ့ အတိုင်းအတာ တစ်ခုအနေနဲ့ မြင်မိတာပေါ့။ တချို့ လူတွေကတော့ ကျနော်တို့ မြို့နယ် ဖွံ့ဖြိုးတိုး တက်လာတဲ့ အတိုင်းအတာကို မျှော်မှန်းပြီး သူတို့ ဝယ်ပြီးထားတာပေါ့နော်။ ကျနော်တို့ ဒီမှာပြန်ရောင်းတဲ့ လူတွေ ကျတော့ လက်ရှိ အနေအထားအရ သူတို့တွေက ဒါလေးကို ပြန်ရောင်းပြီး ဒီထက် သက်သာတဲ့ နေရာလေးတွေ ဝယ်ပြီးနေတဲ့ အခါကျတော့ ရင်းနှီးမြှုပ်နှံဖို့တွေ၊ စားဖို့သောက်ဖို့တွေ ငွေကြေး ထွက်လာတာပေါ့နော်။ အဲဒီအတွက် ကြောင့်မို့ အရောင်းအဝယ် ဖြစ်နေတာခင်ဗျ။ ပြန်မြင့်လာတာက ကျနော်တို့ အခု ၃ လပိုင်းဆိုတော့ ၁ လပိုင်း လောက်က စတာပေါ့နော်။ ဒီနှစ်စကနေပြီးတော့ အရောင်းအဝယ်တွေက ဖြစ်လာတာ” ဟု ပြောသည်။

လက်ရှိ ဒလတံတား တည်ဆောက်ပြီးစီးမှု အခြေအနေသည် ၅၃ ရာခိုင်နှုန်း ရှိနေပြီဖြစ်ကြောင်း၊ ၂၀၂၄ နှစ်စပိုင်း တွင် ဒလတံတားကို အပြီးတည်ဆောက် မည်ဟုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဒလတံတား ပြီးစီးမှုနှင့်အတူ လက်ရှိ ဒလမြို့နယ်တွင် ကြုံတွေ့နေရသည့် သောက်သုံးရေ ရှားပါးမှု ပြဿနာကို ဖြေရှင်းသည့် အနေဖြင့် ရန်ကုန်မြို့မှ ဂျိုးဖြူရေကို သွယ်တန်းမှုများ ပါလာမည်ဖြစ်ကြောင်း ဒလမြို့ ဒေသခံများက ပြောသည်။

ထို့ကြောင့် ဒလမြို့နယ်၏ သောက်သုံးရေ ရှားပါးမှု ပြဿနာ ပြေလည်သွားမည် ဖြစ်သည့်အတွက် ယင်းအချိန်တွင် ဒလမြို့နယ်၏ အိမ်ခြံမြေဈေးကွက်သည် အရောင်းအဝယ် ပို၍ ဖြစ်လာမည်ဟု ဒေသခံများနှင့် အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ကိုင်သူများက မျှော်မှန်းနေကြသည်။