CNI International News

ဟောင်ကောင်၊ မတ်လ ၁၅

အမေရိကန်ဘဏ်နှစ်ခု ပြိုလဲသွားခဲ့ပြီးနောက် ငွေကြေးကဏ္ဍကို ရိုက်ခတ်မှုများ ရှိလာမည်အား စိုးရိမ်မှုဖြင့် စုပြုံရောင်းချခြင်းကြောင့် အာရှဈေးကွက်သည် အင်္ဂါနေ့တွင် ကျဆင်းခဲ့သည်ဟု CNA သတင်းက ဖော်ပြခဲ့သည်။

Silicon Valley နှင့် Signature ဘဏ်တို့ ပိတ်ခဲ့ရမှုတို့ကြောင့် အမေရိကန် အာဏာပိုင်များသည်ပင် တခြားသော ဘဏ်များနှင့် ငွေအပ်နှံသူများအား ထောက်ပံ့ကူညီမှု လုပ်ဆောင်ပေးမည်ဟု ချက်ချင်း ကတိပြုခဲ့ရသည်။
ဖက်ဒရယ်အရံငွေ၊ ဘဏ္ဍာရေးဌာနနှင့် ဖက်ဒရယ်ဘဏ် အပ်နှံငွေ အာမခံကော်ပိုရေးရှင်းတို့၏ ဆောင်ရွက်ချက် သည် ရင်းနှီးမြှုပ်နှံသူများအတွက် ပူပင်မှု လျော့ကျစေခဲ့သော်လည်း ကာစတန်မာများ၏ စိုးရိမ်မှုကြောင့် အမေရိကန်ဘဏ် တချို့၏ ရှယ်ယာတန်ဖိုးကို ထိခိုက်စေခဲ့သည်။

အမေရိကန်သမ္မတနှင့် ဥရောပ ခေါင်းဆောင်များဘက်မှ ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုကို ပြေပျောက်စေရန် အာမခံချက် ပေးခဲ့သည့်တိုင် ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Silicon Valley ဘဏ်ကိုတွေ့ရစဉ်

နည်းပညာ လုပ်ငန်းများတွင် အဓိက အခြေခံသည့် Silicon Valley ဘဏ် ပြိုလဲရမှုသည် ငွေကြေးဖောင်းပွမှုကို ကာမိစေရန် ရည်ရွယ်သည့် FED ၏ အတိုးနှုန်း မြှင့်တင်မှုနှင့် များစွာဆက်စပ်မှု ရှိနေသည်။

ထို့ကြောင့် FED အနေဖြင့် ငွေကြေးဈေးကွက်အတွင်း တည်ငြိမ်မှုရှိစေရန် ယင်း၏ တင်းကြပ်သော ကမ်ပိန်းကို ရပ်တန့်ရန် လိုအပ်သည်ဆိုသည့် ထောက်ပြမှုများအပြင် ချေးငွေစရိတ်ကို ဖြတ်တောက်သင့်သည်ဆိုသော အကြံ ပြုမှုများလည်း ပေါ်ထွက်လာသည်။

Silicon Valley ဘဏ် ပြိုလဲရမှုသည် ဗဟိုဘဏ်များအား အတိုးနှုန်းမြှင့်တင်မှုကို အရှိန်လျော့ရန် ဖိအားဖြစ်စေ သည်ဟု Pictet Asset Management မှ အာရန်ဆိုင် (Arun Sai) က ပြောသည်။

ဘဏ္ဍာရေးစနစ်တွင် တည်ငြိမ်မှု ရှိစေရေးအတွက် ဗဟိုဘဏ်များ အနေဖြင့် နောက်ထပ် အတိုးနှုန်း မြှင့်တင်မှု လုပ်ဆောင်ရန် စဉ်းစားလာရပြီဟုလည်း ၎င်းက ပြောသည်။

အာရှ စတော့ဈေးကွက်ကိုတွေ့ရစဉ်

လက်ရှိ အခြေအနေကြောင့် တနင်္လာနေ့ ဒေါ်လာဈေးကွက်ကို ရိုက်ခတ်မှုများလည်း ဖြစ်စေခဲ့သည်။

ထို့နောက် လက်ရှိ အခြေအနေများက ကမ္ဘာတစ်ဝန်းလုံးရှိ အစိုးရစာချုပ်များ ထုတ်ခြင်းကိုလည်း ရိုက်ခတ်မှု ဖြစ်စေခဲ့ကာ စီးပွားရေးကျဆင်းမှု ပေါ်ပေါက်လာနိုင်ခြေလည်း မြင့်တက်လာသည်ဟု လေ့လာသူများက သတိ ပေးသည်။

ကမ္ဘာ့စာချုပ် ဈေးကွက်သည် ကမ္ဘာ့စီးပွားရေး ကျဆင်းလာမှုကို ညွှန်းဆိုနေကာ ယင်းသည် အာရှဒေသအတွက် ကောင်းမွန်သည့် လက္ခဏာမဟုတ်ဟု Nikko Assest Management မှ ဂျွန်ဗေးလ် (John Vail) က ပြောသည်။

အာရှစတော့ ဈေးကွက်တွင် ကျဆင်းမှုများရှိနေပြီး တိုကျို၊ ဟောင်ကောင်နှင့် ဆိုးလ်တို့တွင် နှစ်ရာခိုင်နှုန်းကျော် ကျဆင်းကာ ဆစ်ဒနီ၊ တိုင်ပေ၊ မနီလာ၊ ဂျကာတာနှင့် ဘန်ကောက်တို့၌ တစ်ရာခိုင်နှုန်းကျော် ကျဆင်းမှု ရှိသည်။

ရှန်ဟိုင်း၊ မွမ်ဘိုင်းနှင့် စင်ကာပူတို့တွင်လည်း ကျဆင်းမှုများ ရှိသည်ဟု သိရသည်။

Source: CNA