CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၄

အချိန်အခါမဟုတ် မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် မွန်ပြည်နယ်အတွင်းရှိ ဆားကွင်းများ ပျက်စီးခဲ့ပြီး နေလှန်းဆား အများအပြား ထိခိုက်ပျက်စီးခဲ့သည်ဟု နေလှန်းဆား လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

မတ်လ ၁၃ ရက်နေ့ ညပိုင်းတွင် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ခြင်းကြောင့် ဆားကွင်းအတွင်းသို့ ရေဝင်ရောက် ခဲ့ပြီး လှန်းထားသည့်ဆားများ ပျက်စီးခဲ့ကြောင်း သိရသည်။

မိုးလေဝသတွင် မိုးရွာသွန်းနိုင်ကြောင်း ကြေညာထားသော် လည်း အလုပ်သမား အခက်အခဲကြောင့် ဆားများကို ကြိုတင်ကျုံးယူမှု မပြုနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ဆားတချို့ ပျက်စီးခဲ့ရကြောင်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူ ဦးလှတင်က CNI သတင်းဌာနသို့ ပြော သည်။

ဦးလှတင်က “ကျနော်တို့ ဘက်မှာလည်း မိုးတွေကြီးပြီးတော့ ဆားတွေ ပျက်ကုန်ရော။ ဆား ၅ သောင်းလောက် အထိ ပျက်သွားတာပေါ့။ တချို့က သိတယ်။ သိပြီးတော့ ကြိုမတင်ဘူး။ အဲဒါလည်း ကျနော်တို့က ကျုံးတဲ့ရက် ရောက်နေတော့ ကျုံးရတာပေါ့လေ။ ကျုံးတဲ့အခါကျတော့ လူကလည်း အခက်အခဲရှိတယ် ဆားထမ်းတွေက။ အဲတော့ ကျနော်တို့က မိုးနည်းနည်းထိသွာတော့ နည်းနည်းမဟုတ်ဘူး တစ်ဝက်လောက် ထိသွားတယ်လေ” ဟု ပြောသည်။

ဆားလုပ်ငန်းတစ်ခုကိုတွေ့ရစဉ်

ပျက်စီးသွားသည့် ဆားများကို ပြန်လည်ထုတ်လုပ်ရန်အတွက် ၁၅ ရက်မှ ရက် ၂၀ အထိ အချိန်ပြန်လည် ယူရမည် ဖြစ်ကြောင်း၊ ဆားကွင်းဖျက် မိုးကြောင့် ဆားထုတ်လုပ်မှုများသည့် ဆားကွင်းတစ်ကွင်းလျှင် အနည်းဆုံး ကျပ်သိန်း ၁၀၀ ခန့် အရှုံးပေါ်နိုင်သည်ဟု တောင်သူများက ပြောသည်။

ယခုနှစ် ဆားရာသီအတွင်း မွန်ပြည်နယ်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကို ၃ ကြိမ်အထိ ကြုံတွေ့ခဲ့ရကြောင်း၊ ပြီးခဲ့သည့် ၂ ကြိမ်တွင် ဆားတောင်သူများ ဆုံးရှုံးမှု မရှိသော်လည်း ယခု ၁ ကြိမ်တွင် ဆားတောင်သူ အများစု ကြုံတွေ့လိုက်ရသည်ဟု ဆားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ဆားများ ပျက်စီးသွားခြင်းကြောင့် ဆားထုတ်လုပ်မှု လျော့နည်းသွားသည့်အတွက် ဆားဈေးကွက်အတွင်း ဈေးနှုန်း အနည်းငယ် မြင့်တက်လာကြောင်း၊ တစ်ပိဿာ ၁၂၀ ကျပ်မှ ၁၇၀ ကျပ်သို့ ရောက်ရှိလာသည်ဟု ဆားလုပ်ငန်းရှင် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ဆားလုပ်ငန်းတစ်ခုကိုတွေ့ရစဉ်

၎င်းက “ဆားဈေးကွက်က ဆားအထွက် နည်းသွားတဲ့ အခါကျတော့ ဈေးနှုန်းကလေ မြင့်တက်လာတဲ့ သဘောရှိ တယ်။ အခုဆိုရင် ၁၂၀ ကနေ ၁၇၀ တောင် ဖြစ်လာတယ်။ ၁၇၀ လောက်ဆို မဆိုးဘူးပေါ့လေ။ အဲဒီလောက်ဆို ဆားဈေးက ၁၇၀၊ ၂၀၀ နီးပါးလောက် ရတယ်ဆိုရင် ဆားတောင်သူတွေလည်း အဆင်ပြေတာပေါ့” ဟု ပြောသည်။

မွန်ပြည်နယ်တွင် နေလှန်းဆား အနေဖြင့် ဆားကွင်း ဧကပေါင်း ၄၂၀၀ ကျော်ရှိပြီး နှစ်စဉ် ဆားတန်ချိန် ၄ သိန်း ကျော် ထွက်ရှိကြောင်း၊ ပြီးခဲ့တဲ့နှစ်တွင် ဆားကွင်းဖျက် မိုးကြောင့် ဆားထုတ်လုပ်မှု ထက်ဝက်ခန့် လျော့ကျခဲ့ပြီး ဆားတန်ချိန် ၂ သိန်းခန့်သာ ထွက်ရှိခဲ့ကြောင်း သိရသည်။