CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၃

လက်ရှိ ၂၀၂၃ ခုနှစ် ငရုတ်စိုက်ရာသီတွင် ပြည်ပသို့ တင်ပို့သည့် ငရုတ်ဈေးကွက်နှင့် ပြည်တွင်း ငရုတ်ဈေးနှုန်း ကောင်းမွန်နေခြင်းကြောင့် ငရုတ်စိုက်တောင်သူများအတွက် အကျိုးအမြတ် ရရှိသည့်နှစ် ဖြစ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငရုတ်စိုက်တောင်သူများက ပြောသည်။

လက်ရှိတွင် ငရုတ်အစို ၁ ပိဿာလျှင် ၃၀၀၀ ကျပ်အထက်တွင် ဈေးနှုန်းဖြစ်ပေါ်နေပြီး တရုတ်နိုင်ငံနှင့် ထိုင်း နိုင်ငံသို့ တင်ပို့လျက်ရှိနေကြောင်း၊ ငရုတ်ရာသီအစမှ စတင်၍ လက်ရှိအချိန်ထိ ဝယ်လက်မပြတ် ရှိနေသည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ ငရုတ်စိုက်တောင်သူ ကိုမင်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုလောလောဆယ် ၃၀၀၀ ရဲ့အထက်မှာ မြဲနေတာတော့ ရက် ၂၀၊ တစ်လနီးပါးပေါ့လေ။ ပထမဦးဆုံးမှာ အဲဒီတစ်ချိန်မှာ ဈေးတစ်ခါ ကောင်းသေးတယ်။ ကောင်းပြီးတော့ အလယ်အလတ်မှာ ဈေးတစ်ခါ အေးသွားတယ်။ အေးသွားတဲ့အချိန်မှာ တစ်ပိဿာကို ၂၀၀၀ ကျော်မှာ အဲဒါကလည်း ၄၊၅၊၆ ရက်အတွင်းမှာ ရောင်းလိုက်ရတယ်။ အဲနောက်မှာ ဈေးတွေက တဖြည်းဖြည်း မောက်မောက်တက်လာပြီး တောင်သူတွေက ကွင်းဈေးကို ၄၀၀၀၊ ၄၂၀၀ အထိ ရောင်းရတဲ့ တောင်သူတွေလည်း ရှိတယ် အသီးကောင်းကောင်းတွေပေါ့လေ။ အခုက ကွင်းဈေးမှာ ပုံမှန်မြဲနေ တာကတော့ အသီးပုံမှန်ပေါ့လေ ၃၀၀၀၊ ၃၁၀၀၊ ၃၂၀၀ နဲ့ မြဲနေတာ။ ဟိုးပထမနှစ်တွေမှာ မရောင်းရဘူး။ အခု အစို ဆိုရင် ငရုတ်သီး စခူးကတည်းကိုက ငရုတ်က အစိုကို မပြတ် ရောင်းနေရတယ်လေ။ အခြောက်ဈေးဆိုရင်လည်း တစ်သိန်းရဲ့အထက်မှာ တောင်သူတွေက ရောင်းနေရတယ်။ တစ်ပိဿာကို ၁ သောင်း အထက်မှာပေါ့လေ။ အဲဒီ အထက်မှာ ရောင်းနေရတော့ ငရုတ်က ဒီနှစ်မှာ စိုက်လာတဲ့ သက်တမ်းတလျှောက်မှာ ဒီနှစ်က အဆင်ပြေဆုံး နှစ်ပဲ” ဟု ပြောသည်။

ငရုတ်ပင်ကိုတွေ့ရစဉ်

၂၀၂၀-၂၀၂၁ ခုနှစ်တွင် ငရုတ်အစို တစ်ပိဿာလျှင် ကျပ် ၁၁၀ဝ မှ ကျပ် ၁၂၀ဝ၊ ငရုတ်အခြောက် တစ်ပိဿာလျှင် ကျပ် ၃၇၀ဝ မှ ကျပ် ၃၈၀ဝ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ပွဲရုံများထံမှ သိရသည်။

ယခုနှစ် ၂၀၂၃ ခုနှစ်တွင် ငရုတ်အစိုသည် တစ်ပိဿာလျင် ၂၅၀၀ ကျပ်မှ ၄၂၀၀ ကျပ်အထိ ဈေးနှုန်းဖြစ်ပေါ်နေပြီး ငရုတ်အခြောက်သည် တစ်ပိဿာ ၁၀၀၀၀ (တစ်သောင်း)ကျပ် ဈေးပေါက်နေကြောင်း သိရသည်။

ထို့နောက် ငရုတ်သည် တခြားသော သီးနှံများထက် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး စသည့် သွင်းအားစု ပို၍ အသုံးပြုကြရသော်လည်း ယခုနှစ်တွင် ဈေးနှုန်း ကောင်းမွန်သည့်အတွက် ပိုးမကျသည့် စိုက်ခင်းများအနေဖြင့် တစ်ဧကလျှင် သိန်း ၃၀ ခန့် အကျိုးအမြတ် ရရှိနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ ငရုတ်စိုက်တောင်သူ တစ်ဦးက ပြောသည်။

၎င်းက “ကုန်ကျစရိတ်ကတော့ တစ်ဧကကို အလယ်အလတ်တန်းသုံးတဲ့ သူဆိုရင်တော့ ၂၅၊ ၃၀ လောက် သုံးရင် တော့ ပြောမယ်ဆိုရင် ငရုတ်က တစ်ဧကကို ၂၅၊ ၃၀ လောက်တောင် သုံးတဲ့သူက ဒီနှစ်ဈေးနဲ့သာဆိုရင် အနိမ့်ဆုံး ၃၀၊ ၄၀ လောက်တော့ အမြတ်ကျန်ပြီးသားပဲ။ ကျွေးတဲ့အပေါ်မှာ ဂရုစိုက်မှုအပေါ်မှာလည်း ကွာတာပေါ့။ ထိုက် သင့် သလောက် ပုံမှန်ဂရုစိုက်တဲ့သူတောင် တစ်ဧကကို ၄၀ လောက် ဒီနှစ်ကတော့ ကျန်မယ့် အနေအထားရှိတယ် ရာသီပိုးတွေ ဘာတွေ နိုင်နင်းတဲ့ တောင်သူပေါ့လေ။ အခုလောလောဆယ်မှာတော့ ကျနော်တို့ ဒီမှာ ဝယ်တယ်၊ စိုက်တယ် အဲဒီအနေအထားမှာတော့ ကျနော်မြင်တာတော့ ရှုံးတဲ့သူက ခပ်ရှားရှားပဲ မရှိဘူး” ဟု ပြောသည်။

ငရုတ်ပင်ကိုတွေ့ရစဉ်

မြန်မာ့ငရုတ်ကို ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံသို့ အဓိက တင်ပို့လျက်ရှိနေပြီး ဧရာဝတီတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အဓိက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ငရုတ်တွင် အမျိုးအစားမျိုးစုံ ရှိသည့်အတွက် ပြည်ပဝယ်လက်များရှိသည့် ငရုတ်များကို ပိုမိုစိုက်ပျိုးပါက တောင်သူ များအတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ငရုတ်ဈေးနှုန်း ကောင်းမွန်နေခြင်းကြောင့် လာမယ့်နှစ် ငရုတ် စိုက် ရာသီ၌ ငရုတ်ကို ပို၍ စိုက်ပျိုးလာနိုင်ကြောင်း၊ လက်ရှိ ပြောင်းစိုက်ပျိုးနေသည့် တောင်သူတစ်ချို့တွင်လည်း ငရုတ်ကို ပြောင်း၍ စိုက်ပျိုးလာမှုများ ရှိကြောင်း ငရုတ်စိုက်တောင်သူများက ပြောသည်။