CNI International News

ဝါရှင်တန်၊ မတ်လ ၁၅

အမေရိကန်ဘဏ် စတော့များသည် အင်္ဂါနေ့တွင် သိသိသာသာ မြင့်တက်လာခဲ့သည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

Silicon Valley ဘဏ်နှင့် Signature ဘဏ်တို့ ပြိုလဲသွားမှုကြောင့် စတော့ဈေးကွက် ကျဆင်းသွားခဲ့ရာမှ ပြန်ရုန်း ထွက်လာနိုင်ခဲ့ခြင်းဖြစ်သည်။ ဘဏ်များ ပြိုလဲသွားခြင်းက အမေရိကန်သမ္မတ အပါအဝင် ကမ္ဘာ့ ခေါင်းဆောင် များထံမှ အာမခံချက်များကိုလည်း ထွက်ပေါ်လာစေခဲ့သည်။

အမေရိကန်ဘဏ်နှစ်ခု ပြိုလဲခြင်း၏ ရိုက်ခတ်မှုများအပေါ် စိုးရိမ်မှုများနှင့် ဘဏ်များ အတိုးနှုန်း မြှင့်တင်လာမည့် အပေါ် ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုများက အာရှနှင့်ဥရောပရှိ ဘဏ်ရှယ်ယာများကို ထိခိုက်စေခဲ့သည်။

ဥရောပရှိ ဘဏ်စနစ်မှ ဆုံးရှုံးနိုင်ခြေ ညွှန်းကိန်းသည် ဇူလိုင်လလယ် နောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကာ အဆင့် သတ်မှတ်ရေး အေဂျင်စီ တစ်ခုဖြစ်သည့် Moody’s ကလည်း လုပ်ငန်းဆောင်ရွက်မှု ပတ်ဝန်းကျင်တွင် စဉ်ဆက်မပြတ် ကျဆင်းနေမှုများကြောင့် အမေရိကန်ဘဏ်စနစ်အပေါ် ရှုမြင်သုံးသပ်ချက်ကို တည်ငြိမ်မှုမှ ဆိုးရွားမှုအဆင့်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။

 

Silicon Valley ဘဏ် ပြိုပြီးနောက် အရှေ့မှာ ငွေအပ်နှံသူများကိုတွေ့ရစဉ်

VIX ၏ ဆိုးရွားမှုညွှန်းကိန်း၊ Wall Street ၏ ဆိုးရွံ့မှု အတိုင်းအတာတို့သည်လည်း ခြောက်လအတွင်း အမြင့်ဆုံးသို့ ညတွင်းခြင်း ရောက်ရှိခဲ့သည့်တိုင် အမေရိကန်ဘဏ် ရှယ်ယာတန်ဖိုး ပြန်လည်မြင့်တက်လာသည်နှင့်အမျှ First Republic ဘဏ်၏ ရှယ်ယာတန်ဖိုးမှာ ၅၂ ဒသမ ၇ ရာခိုင်နှုန်းသို့ တက်လာခဲ့သည်။

တစ်နေ့အတွင်း စံချိန်တင် ၁၇ ဒသမ ၅၃ သို့ ကျဆင်းခဲ့ပြီး တစ်ရက်အကြာတွင် ထိုသို့ ဖြစ်ခဲ့ခြင်း ဖြစ်သည်။

မဝေးတော့သည့် အနာဂတ်ကာလတွင် ထင်ရှားသည့် ဘဏ်များ ပြိုကွဲမှု မဖြစ်လာပါက ငွေကြေးကဏ္ဍမှ စိုးရိမ်မှု များသည်လည်း လျော့ပါးလာလိမ့်မည်ဟု Cresset Capital မှ ရင်းနှီးမြှုပ်နှံမှု ခေါင်းဆောင် ဂျက်အဘင်လင်း (Jack Ablin) က ပြောသည်။

ဈေးကွက်မဖွင့်မီ ထိပ်သီးဘဏ်များဖြစ်သော Citi၊ Wells Fargo နှင့် JP Morgan တို့၏ ရှယ်ယာတန်ဖိုးများသည် လည်း မြင့်တက်လာခဲ့သည်။

 

Silicon Valley ဘဏ် ပြိုပြီးနောက် အရှေ့မှာ ငွေအပ်နှံသူများကိုတွေ့ရစဉ်

သို့သော် First Republic၊ Zions Bancorp၊ Western Alliance Bancorp နှင့် Comerica ဘဏ်တို့ အပါအဝင် ဘဏ်ခြောက်ခုအား အဆင့်လျှော့ချ သတ်မှတ်ရေး ပြန်လည် သုံးသပ်မှုများ လုပ်ဆောင်နေသည်ဟု Moody’s က ပြောသည်။

ဥရောပ၏ ဘဏ်စနစ် ညွှန်းကိန်းများသည်လည်း အင်္ဂါနေ့တွင် ကနဦး ကျဆင်းမှု ရှိခဲ့သော်လည်း ၂ ဒသမ ၇ ရာခိုင်နှုန်းအထိ ပြန်လည် မြင့်တက်လာခဲ့သည်။ တစ်နှစ်ကျော် ကာလအတွင်း အကြီးမားဆုံး ဆုံးရှုံးမှု ရာခိုင်နှုန်း ကို တနင်္လာနေ့တွင် ဖြစ်စေခဲ့ပြီးနောက် ဥရောပဒေသရှိ ဘဏ်များသည် အားနည်းချက် နည်းပါသည်ဟု တချို့က သုံးသပ်သည်။

ဥရောပနှင့် အမေရိကားရှိ ဘဏ်စနစ်များ၏ အသိသာဆုံး ခြားနားချက်မှာ ဥရောပဘဏ်များသည် စာချုပ်များ အပေါ် ချုပ်ကိုင်ထားမှု နည်းပါးကာ ယင်းတို့၏ အတိုးနှုန်းများ တည်ငြိမ်ခြင်းကြောင့် ဖြစ်သည်ဟု Moody’s မှ ထုတ်ပြန်ထားသည်။

Source: ရိုက်တာ