CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၆

အသစ်ထွက်လာသော ဆန်စပါးဥပဒေက ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ပေးနေသော တောင်သူများအပေါ် ကန့်သတ် ချုပ်နှောင်ခြင်း မဖြစ်ရန် လိုအပ်သည်ဟု တောင်သူလယ်သမားများက ပြောသည်။

ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေး၊ ပြည်တွင်း ဆန်စပါးဖူလုံရေးနှင့် ပြည်ပသို့ ဆန်စပါးတင်ပို့ရာတွင် စနစ်တကျ တင်ပို့နိုင်ရန်အတွက် ဆန်စပါးဥပဒေကို နစက-က ပြဋ္ဌာန်းခဲ့သည်။

ဆန်စပါးဥပဒေသည် ပြည်ပသို့ ဆန်တင်ပို့နေမှုများ စနစ်တကျ ရှိစေရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြထားသော်လည်း စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအတွက် ဘေးထွက်ဆိုးကျိုး မဖြစ်စေရန် လိုအပ် ကြောင်း၊ ပြည်ပတင်ပို့မှုနှင့် ပတ်သက်ပြီး ကန့်သတ်လိုက်မည်ဆိုပါက စပါးစိုက်တောင်သူများအတွက် သက်ရောက်မှု ဖြစ်ပေါ်လာနိုင်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်း ဌာနသို့ ပြောသည်။

ဦးသိန်းအောင်က “ဆန်စပါးဥပဒေဆိုတာ နိုင်ငံခြား ပို့ကုန်သွင်းကုန် လုပ်တဲ့အခါမယ် စည်းနဲ့ ကမ်းနဲ့ အခွန် မဆောင်ဘဲနဲ့ ပို့တဲ့ဥစ္စာတွေကို အရေးယူဖို့၊ နောက်တစ်ခါကျတော့ စနစ်တကျ Exporter လုပ်မယ်ဆိုရင် နိုင်ငံခြား ပို့ကုန် ပို့တဲ့ဥစ္စာတွေမှာ စည်းနဲ့ကမ်းနဲ့ ထွက်ဖို့ကို သူတို့က ရည်ရွယ်ပါတယ်လို့ ပြောတယ်။ သို့သော်လည်းပဲ ဒီမှာ က မလိုလားအပ်တဲ့ ပြောမယ်ဟေ့ဆိုရင် ဘေးကပါ သိုင်းဝိုင်းပြီးတော့ ဥပဒေနဲ့ အသားကုန် ချုပ်ကိုင်တာမျိုး မဖြစ် ဘဲနဲ့ ကုန်ထုတ်စွမ်းအား မြင့်မားအောင် စနစ်တကျ ဖြစ်အောင်လုပ်တဲ့ စေတနာနဲ့ လုပ်နည်းလုပ်ဟန် မှန်ကန် ရင် တော့လည်း ဘယ်လိုပဲဖြစ်ဖြစ် ဥပဒေတစ်ရပ် ဆိုတာတော့လည်း သူတို့ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ရှိနေမှာ ပဲ။ သို့သော်လည်းပဲ အဲဒီဥပဒေဟာ ထုတ်လုပ်သူတွေအတွက် အနှောင်အဖွဲ့၊ အကန့်အသတ်၊ အချုပ်အနှောင်နဲ့ လုပ်တဲ့ ပုံစံမျိုး မဖြစ်ပါစေနဲ့ ဖြစ်လို့မရဘူးဆိုပြီးတော့ အန်ကယ်တို့လည်း ဒီလိုပဲ ပြောခဲ့တယ်။ သို့သော် တချို့ ကိစ္စတွေမှာတော့ တက်လာတဲ့လူနဲ့ ဒါကိုတော့ အမြဲတမ်း သတိထားဖို့တော့ ဥပဒေတစ်ရပ် သူတို့ဆွဲဖို့ ဖြစ်လာတဲ့ အခါမှာ အန်ကယ်တို့ အနေနဲ့ ဒီဥပဒေကို မဆွဲပါနဲ့လို့ ပြောပိုင်ခွင့် မရှိဘူး။ ဒါပေမယ့် ဒီဥပဒေမှာပါတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ မူဝါဒ၊ ပေါ်လစီတွေက ဘယ်ကို မူတည်တာလဲ။ စိုက်ပျိုးထုတ်လုပ်သူတွေအတွက် ချုပ်ကိုင်တဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်သလား၊ သို့တည်းမဟုတ် သူတို့ ဆန်စပါးအပေါ်မှာပဲ အကန့်အသတ် တစ်ခုလား။ ဒါပေမယ့် ဆန်စပါးတင်ပို့မှုမှာလည်း အဲဒီမှာ နိုင်ငံခြား များများရောင်းရမှ အန်ကယ်တို့ ထုတ်လုပ်သူတွေမှာ ဈေးကောင်းရမှာလေ” ဟု ပြောသည်။

 ဆန်အိတ်များ သယ်နေကြစဉ်

ဆန်စပါးဥပဒေသည် ပြဋ္ဌာန်းရန် လိုအပ်သော်လည်း လက်ရှိ တောင်သူလယ်သမားများ ကြုံတွေ့နေရသည့် သွင်းအားစု ဈေးနှုန်းကြီးမြင့်မှု၊ စက်သုံးဆီ ဈေးနှုန်းကြီးမြင့်မှု စသည့် အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုများကို နည်းပါးသွားစေရန် ပို၍ ဆောင်ရွက်ပေးသင့်ကြောင်း တောင်သူများက ပြောသည်။

ထို့နောက် လက်ရှိ ရေးဆွဲနေသည့် ဆန်စပါးဥပဒေမူကြမ်းတွင် အရန်ဆန် ဝယ်ယူသိုလှောင်ရေးအဖွဲ့ ဖွဲ့စည်းမည့် ကိစ္စ ပါဝင်နေသည့်အတွက် အရန်ဆန်များကို ဝယ်ယူရာတွင်သော်လည်းကောင်း၊ ပြန်လည်ရောင်းချရာတွင် သော် လည်းကောင်း တောင်သူများ စပါးပေါ်သည့် အချိန်နှင့် ဈေးကွက်အတွင်း ဆန်ဈေးနှုန်း မြင့်တက်နေသည့် အခြေ အနေပေါ် မူတည်၍ ဝယ်ယူရောင်းချပေးရန် လိုအပ်ကြောင်း စပါးစိုက်တောင်သူများနှင့် ဆန်လုပ်ငန်းရှင်များက ပြောသည်။

ထိုသို့ လုပ်ပေးမှသာ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် စားသုံးသူများအကြား မျှတမှု ရှိမည်ဟု ၎င်းတို့က ပြောသည်။

ဆန်စပါးဥပဒေမူကြမ်းသည် ဈေးကွက်အတွင်း ဆန်ဈေးနှုန်း မြင့်တက်သည့် အချိန်တွင် အရန်ဆန်ဖြင့် ထိန်းချုပ် ရန် ပါဝင်ကြောင်း၊ သို့သော်လည်း သင့်တင့်မျှတသည့် ဈေးနှုန်းဖြစ်ရန် လိုအပ်ကြောင်း၊ ဆန်စပါးဥပဒေ မူကြမ်း ကြောင့် ပြည်ပသို့ ဆန်တင်ပို့မှုကို ထိခိုက်မှု မရှိနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန် ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဆန်စပါးဥပဒေမူကြမ်းက ထုတ်တာတော့ ကောင်းပါတယ်။ ကောင်းတာတော့ ကောင်းပါတယ်။ တချို့ကျ တော့လည်း ကုန်သည်ဆိုတာတော့ လွတ်လွတ်လပ်လပ် တင်ကြတယ်။ လွတ်လပ်ပြီး မျှမျှတတဖြစ်ဖို့တော့ လိုအပ်တာပေါ့။ ဈေးအရမ်းတက်တဲ့အခါ အရန်ဆန်တို့နဲ့ ဘာတို့နဲ့ ထိန်းချုပ်လို့ရအောင် နည်းနည်းလေး ဥပဒေ ထုတ်တဲ့ သဘောပါပဲ။ ဆန်ကြိတ်တာ၊ ခွဲတာ၊ ရောင်းတာဝယ်တာ စောင့်ကြည့်လို့ရတဲ့ သဘောမျိုးပါပဲ။ ဒါပေမယ့် ဈေးကွက်ကတော့ သင့်တင့်တဲ့ဈေး၊ မျှတတဲ့ဈေးဖြစ်ဖို့တော့ လိုတာပေါ့။ ပြည်ပထိခိုက်တဲ့ မူဝါဒမျိုးတော့ မဟုတ် ဘူး။ ပြည်ပထိခိုက်နိုင်တာတော့ ငွေလဲနှုန်းတွေတို့ ဘာတို့ ဒီဟာတွေကတော့ နည်းနည်းလေး ပို့တာကိုတော့ ထိခိုက်တာပေါ့။ အခုထုတ်တဲ့ ဥပဒေမူကြမ်းတော့ ကျနော်တို့ ကြည့်တာတော့ ထိခိုက်မှု မရှိဘူးဗျ” ဟု ပြောသည်။

တောင်သူများကိုတွေ့ရစဉ်

ဆန်စပါးဥပဒေမူကြမ်းတွင် အခန်း ၁၀ ခန်း၊ ပုဒ်မ ၅၁ ခု ပါဝင်ပြီး ပြည်ပဆန်တင်ပို့မှု အပါအဝင် ဆန်စက်များကို အခွန်ကောက်ခံရန်နှင့် ဆန်သိုလှောင်မည့် အခန်းကဏ္ဍများ၊ အရည်အသွေးမြင့်ဆန်များ ထုတ်လုပ်ရန် စသည့် အခန်းကဏ္ဍများ ပါဝင်ကြောင်း သိရသည်။

ထို့နောက် ဆန်စပါးဥပဒေပြဋ္ဌာန်းပြီး ဆန်စပါးဈေးကွက်ကို ထိန်းချုပ်သည့်သဘော သက်ရောက်သွားပါက ဆန်စပါးလုပ်ငန်းများ ရပ်နားလာနိုင်သလို စိုက်ပျိုးသည့် တောင်သူများ အနေဖြင့်လည်း လျှော့ချ စိုက်ပျိုး လာနိုင်သည်ဟု တောင်သူများက ပြောသည်။

ဆန်စပါးဥပဒေပြဋ္ဌာန်းထားရန်အတွက် လက်ရှိတွင် ဥပဒေမူကြမ်းကို ရန်ကုန်နှင့် ပုသိမ်မြို့နယ်၌ ဆွေးနွေးပွဲများ ပြုလုပ်ပြီးပြီ ဖြစ်ကြောင်း၊ နေပြည်တော်နှင့် မန္တလေး အပါအဝင် စပါးအဓိကစိုက်ပျိုးရာ ဒေသများတွင်လည်း မတ်လကနေ ဧပြီလဆန်းအထိ ဆွေးနွေးပွဲတွေ ပြုလုပ်သွားရန် ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။