CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၇

အမေရိကန်ဘဏ်ကြီး ၃ ခု ပြိုလဲပြီးနောက် ၂ ရက်အကြာတွင် ကမ္ဘာ့ရွှေဈေးသည် မြင့်တက်လျက်ရှိနေပြီး လက်ရှိ အချိန်ထိ နေ့စဉ်မြင့်တက်လာနေကာ ယင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည်လည်း လိုက်ပါမြင့်တက်လာသည် ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေဈေးကွက်အတွင်းမှ သိရသည်။

ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်နေသော်လည်း ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

“အမေရိကန်ဘဏ်တွေက ဒေဝါလီခံနေပြီလေ။ ဘဏ်တွေ ဒေဝါလီခံတဲ့အခါကျတော့ အဲဒီခံတဲ့ဟာကြောင့် အမေရိကန်က ဘဏ် ၃ ဘဏ် ဒေဝါလီခံသွားပြီ။ ဟိုဘက်က ဆွစ်ဇာလန်ကလည်း အခု ၂ ဘဏ်လောက် စတော့မယ်။ အဲဒါလုပ်တော့ စတော့ရှယ်ယာဈေးတွေ အကုန်လုံး ပြုတ်ကျကုန်တယ်။ စတော့ရှယ်ယာဈေးတွေ ပြုတ်ကျပြီးတော့ ကမ္ဘာ့ရွှေဈေးတွေ တောက်လျောက်တက်နေတယ်။ ဘဏ်တွေ ဒေဝါလီခံတာများလေ ကမ္ဘာ့ရွှေဈေးတက်လေ ဖြစ်လာမှာပဲ။ ကမ္ဘာ့ရွှေဈေးတက်တဲ့အတွက် ပြည်တွင်းမှာလည်း ဈေးတွေလိုက် တက်တယ်။ ဒါပေမယ့် အရောင်းအဝယ်တော့ မဖြစ်ဘူး။ ကမ္ဘာ့ဈေးတက်လို့ လိုက်တက်တဲ့သဘောပဲ” ဟု ၎င်းက ပြောသည်။

မတ်လ ၁၃ ရက်နေ့တွင် ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၈၃ ဒေါ်လာသာ ရှိခဲ့သော်လည်း ဒီကနေ့ မတ်လ ၁၇ ရက်နေ့တွင် ကမ္ဘာ့ရွှေဈေးသည် အမေရိကန်ဒေါ်လာ ၁၉၂၉ ဒေါ်လာအထိ မြင့်တက်လာသည်ကို တွေ့ရှိရသည်။

အလားတူ ပြည်တွင်းရွှေဈေးနှုန်းသည်လည်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ အခြေခံ ရည်ညွှန်းဈေးတွင် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၂၁,၉၈၃၀၀ ကျပ်ရှိရာမှ လက်ရှိတွင် ၂၂,၇၂၀၀၀ ကျပ် ရှိလာသည့်အတွက် ကျပ် ၅ သောင်းကျော် မြင့်တက်လာသည်ကို တွေ့ရသည်။

ရွှေထည်လက်ဝတ်ရတနာများ

ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းရွှေဈေးသည် ကွာခြားမှု များစွာရှိသည့်အတွက် ပြည်တွင်းရွှေဈေးသည် အများအပြား လိုက်ပါမြင့်တက်၍ မရကြောင်း၊ ယခုထက်ပို၍ မြင့်တက်ပါက ရွှေရောင်းချသူများ များလာမည်ဖြစ်ပြီး ရန်ကုန်တွင် ရွှေများပုံလာမည်ဖြစ်သည်ဟု ဦးမျိုးမြင့်က ဆက်ပြောသည်။

“ပြည်တွင်းရွှေဈေးနဲ့ ကမ္ဘာ့ရွှေဈေးက ကွာပါတယ်။ ပြည်တွင်းမှာ အရမ်းတက်လို့မရဘူး ဝယ်မယ့်သူ မရှိဘူး။ ၁ သောင်း၊ ၂ သောင်းပဲ၊ ပြန်ကျလည်း ၁ သောင်း၊ ၂ သောင်းပဲ အဲလောက်ပဲ သွားလို့ရတယ်။ အများကြီးတက်ရင် နယ်ကကုန်သည်တွေက အထည်ပျက်သမားလို့ ခေါ်တာပေါ့ ရှိတဲ့ လက်ဝတ်လက်စားသမားတွေက အကုန်လာပြန်ရောင်းတာ။ နောက်တွင်းတွေကလည်း ထွက်နေပြီ၊ တောက်လျောက် ထွက်နေပြီ။ ရွှေက ရန်ကုန်တစ်ခုပဲ ပိုက်ဆံဖော်စရာရှိတာ။ ရန်ကုန်မှာ ရွှေတွေ လာအိုင်နေတယ်၊ ရွှေတွေများနေပြီ။ နောက်တစ်ခါ ဒီဈေးတွေနဲ့လည်း ၂၈ သိန်းကျော်နဲ့က ဘယ်သူမှ ဝယ်မဝတ်တော့ဘူး၊ လာပြန်ရောင်းနေတာပဲ။ ကမ္ဘာ့ရွှေဈေး ပြန်ကျမှကောင်းမှာ။ ကမ္ဘာ့ရွှေဈေး အခုက ၁၉၀၀၊ ကမ္ဘာ့ရွှေဈေး ၁၇၀၀၊ ၁၆၀၀ တို့ အဲလောက်ဖြစ်သွားရင် ပြည်တွင်းမှာလည်း ဝယ်ဖို့ခြမ်းဖို့ အဆင်ပြေသွားပြီပေါ့” ဟု ပြောသည်။

အမေရိကန်ဘဏ်များ ပြိုလဲမှု နောက်ဆက်တွဲအနေဖြင့် ဒေါ်လာဈေး ကျဆင်းလာနိုင်ကြောင်း သုံးသပ်မှုများ ရှိသော်လည်း ပြည်တွင်းရွှေဈေးနှုန်းသည် ပြည်တွင်းဒေါ်လာဈေးအပြင် ကမ္ဘာ့ရွှေဈေးအပေါ်တွင်ပါ တွက်ချက် သည့်အတွက် ကမ္ဘာ့ရွှေဈေး ဆက်လက်မြင့်တက်မည်ဆိုပါက ပြည်တွင်းရွှေဈေးသည်လည်း လိုက်ပါမြင့်တက် လာမည်ဖြစ်သည်ဟု ရွှေဈေးကွက်လေ့လာသူများက သုံးသပ်နေကြသည်။