CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၃၁

ရက္ခိုင့်တပ်တော်(AA)၏ နိုင်ငံရေး တောင်းဆိုမှုကို NUG အနေဖြင့် မလိုက်လျောနိုင်ပါက တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ပါက လည်း အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က AA ကို အလွတ်သဘော တွေ့ဆုံဆွေးနွေးလိုကြောင်း ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ က အကြောင်းကြားစာ ပေးပို့ခဲ့သည်။

လက်ရှိတွင် NUG သည် တပ်မတော်နှင့် တိုက်ခိုက်နေ ဖြစ်သည့်အတွက် AA ကို မဟာမိတ်အရ ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း၊ သို့ သော် AA ၏ တောင်းဆိုချက်များကို လိုက်လျောနိုင်ရန်လိုအပ်ကြောင်း ဦးဖေသန်းက ပြောသည်။

ဦးဖေသန်းက “NUG အနေနဲ့ ကိုယ်လိုအပ်ချက်အရပဲ ဖိတ်ခေါ်တာဖြစ်ပြီးတော့ ဘာမှလည်း ထဲထဲဝင်ဝင် ကတိလည်း မပေး နိုင်ဘူး၊ ဘာအခွင့်အရေးမှလည်း မပေးနိုင်ဘူး၊ ULA/AA ဘက်က တောင်းဆိုတဲ့အပေါ်မှာလည်း လိုက်လျောမှု မပြုနိုင်ဘူးဆို ရင်တော့ ဒီဆွေးနွေးပွဲ အလွတ်သဘော ဆွေးနွေးပွဲက အကျိုးသက်ရောက်မှု မရှိဘူးပေါ့နော်၊ ဒါတကယ်တမ်း ရှေ့ဆက်ပြီး တော့ ထဲထဲဝင်ဝင် ဆွေးနွေးဖို့ ခက်ပါလိမ့်မယ်၊ ယုံကြည်မှုကလည်း တည်ဆောက်ဖို့ အချိန်လိုသေးတယ်လို့ ကျနော်မြင်ပါ တယ်”ဟု ပြောသည်။

NUG က ပိုမို ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးမှသည် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးလုပ်ငန်းစဉ် ဆောင်ရွက်ရန် ဆန္ဒပြင်းပြနေကြောင်း AA သို့ ပေးပို့သည့် စာထည့်မှာ ဖော်ပြထားသည်။

AA တပ်ဖွဲ့ကိုတွေ့ရစဉ်

သို့သော် AA ကမူ NUG ၏ အကြောင်းကြားစာနှင့် ပတ်သက်၍ တွေ့ဆုံမည် မတွေ့ဆုံမည်ကို တရားဝင် သတင်းထုတ်ပြန် ထားခြင်းတော့ မရှိသေးပေ။

ဦးဖေသန်းကတော့ NUG သည် တရားဝင် အစိုးရမဟုတ်သည့်အတွက် တောင်းဆိုမှုများကို အာမခံနိုင်ရန် မသေချာကြောင်း၊ နှစ်ဖက် ယုံကြည်မှုတည်ဆောက်ရန် ညှိနှိုင်းမှုများ လိုအပ်ကြောင်း ပြောသည်။

၎င်းက “ဒီဘက်ကတော့ ULA/AA ဘက်ကတော့ ပွင့်ပွင့်လင်းလင်း ပြောထားပြီးပြီပေါ့ဗျာ၊ သူတို့လိုချင်တဲ့ နိုင်ငံရေးအဆင့် အတန်း သူတို့က ကွန်ဖက်ဒရိတ်ပြောဖူးတယ်၊ “ဝ”လိုမျိုး ပြောဖူးတယ်၊ အဲဒီလောက် အဆင့်အတန်းကို ရမှဖြစ်မယ်ဆိုတဲ့ သဘောမျိုးပေါ့၊ ဒါပေမယ့် NUG ကော၊ စစ်ကောင်စီကော ကြိုသိပြီးသားဖြစ်တယ်ပေါ့၊ အဲဒီအဆင့်အတန်းကော သူတို့ တောင်းဆိုတဲ့ အဆင့်အတန်းကို အသေးစိတ်ပြီးတော့ သူတို့ဘက်ကနေ ချပြကောင်း ချပြလာနိုင်တယ်၊ NUG အနေနဲ့ အစိုးရ မဖြစ်သေးတဲ့ အဖွဲ့အစည်း တစ်ရပ်အနေနဲ့ အစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာ ဘာမှမရှိသေးတဲ့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ဒီလို မျိုး အာမခံချက်ပေးဖို့ဆိုတာ သိပ်ပြီးတော့ မသေချာဘူးပေါ့နော်၊ နောက်ပြီးတော့ အဲဒီအကျိုးဆက်က ဘာဖြစ်လာမလဲဆို တာကို ပြည်မက ဗမာတွေကလည်း ကြိုက်ချင်မှ ကြိုက်မှာပေါ့နော်၊ စစ်ကောင်စီကလည်း ကြိုက်မှာမဟုတ်ဘူးဆိုတော့ ဒီကိစ္စက သူတို့အနေနဲ့ အငိုလွယ်ပေမယ့် အရှိုက်ခက် တယ်ဆိုတဲ့ ပုံစံမျိုးပေါ့” ဟု ပြောသည်။

AA က ပြည်တွင်းတွင် ၎င်းတို့ လိုချင်သည့် နိုင်ငံရေး အဆင့်အတန်းမျိုး မရရှိပါက နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပူးပေါင်း သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားထားသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့အကြား နားလည်မှုဖြင့် အပစ်ရပ်စဲထားသည်။