CNI International News

မော်စကို၊ မတ်လ ၃၁

ရုရှားလုံခြုံရေးဝန်ထမ်း အမျိုးသား ၁၂ ဦးတို့သည် တာဝန်ကျစေလွှတ်ရာသို့ သွားဖို့ ငြင်းဆန်ခဲ့ရာ ပစ်သတ် ခံရပြီးနောက် ရုရှားအစိုးရအမှုထမ်းအတော်များများ ယူကရိန်းစစ်မျက်နှာသို့ တိုက်ခိုက်ရေးတာဝန်ဖြင့် ပို့ဆောင်ခြင်းမပြုရန် ဥပဒေရေးရာအကူအညီတောင်းခံနေရကြောင်း ရှေ့နေနှစ်ဦးက ပြောကြားသည်ဟု ရိုက်တာသတင်းအရ သိရသည်။

အလားတူ အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသော ဝန်ထမ်း ၂၀၀ ခန့်သည် မည်သို့ဆက်လက်လုပ်ကိုင်သင့်သည့် အကြောင်း မိမိတို့ထံ ဆက်သွယ်မေးမြန်းကြသည်ဟု ရှေ့နေတစ်ဦးဖြစ်သူ မီးခေးလ်ဘန်ယက် (Mikhail Benyash) က ဆက်လက်ပြောကြားခဲ့သည်။

အခြားရုရှားအခြေစိုက် ရှေ့နေပါဗဲချီကော့ဗ် (Pavel Chikov) ကလည်း တယ်လီဂရမ်စာမျက်နှာတွင် “ခရိုင်းမီးယား၊ နော့ဗ်ဂိုရော့၊ အွန်ဆက်၊ စတာဗရိုပေါလ်တို့တွင်လည်း အလားတူဖြစ်စဉ်များ ရှိနေကြောင်း၊ ရုရှားအစိုးရဝန်ထမ်းများသည် ဥပဒေရေးရာ အကူအညီများကို ရှာဖွေနေကြကြောင်း” ထုတ်ဖော်ရေးသားခဲ့သည်။

ယင်းသို့ ဥပဒေရေးရာအကူအညီကို ဝန်ထမ်းများအလုအယက်တောင်းခံနေသည့်သတင်းကို ရိုက်တာက သီးခြား လွတ်လပ်စွာအတည်ပြုနိုင်ခြင်းတော့ မရှိပါ။ ရုရှားလုံခြုံရေးအဖွဲ့ထံသို့ အီးမေးလ်ဖြင့် ဆက်သွယ် မေးမြန်းသော် လည်း လတ်တလောသဘောထားမှတ်ချက် မတုံ့ပြန်သေးပေ။

မော်စကို၏ ၎င်းအိမ်နီးချင်းလက်နက်ချရန်နှင့်နာဇီလက်သစ်ရှင်းလင်းရေး ခေါင်းစဉ်တပ်ထားသော အထူး စစ်ဆင်ရေးဆင်နွှဲနေခြင်းအပေါ် ရုရှားတပ်ဖွဲ့များ စိတ်ဓာတ်ကျဆင်းနေကြကြောင်း ယူကရိန်းနှင့် အနောက် တိုင်းအစိုးရအရာရှိများက ပြောကြားခဲ့ကြသည်။



မတ်လ ၃၀ ရက်တွင် ချာနီဟစ်ဗ် (Chernihiv) မြို့၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သော်လည်း ရက် သတ္တပတ် ၅ ပတ်ကြာအထိ ယူကရိန်းအဓိကမြို့ကြီးများကို သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိသော မော်စကိုသည် ကိယက်ဗ်မြို့တော်နှင့် နိုင်ငံမြောက်ပိုင်းရှိ ချာနီဟစ်ဗ်မြို့အနီးမှ စစ်ဆင်ရေးများကို သိသိသာသာ လျှော့ချ နေကြောင်း သိရသည်။

စတင်ကျူးကျော်ပြီး တစ်ရက်အကြာ ဖေဖော်ဝါရီ ၂၅ ရက်တွင် တောင်ပိုင်း ခရက်စနိုဒါ (Krasnodar) ဒေသရှိ အမျိုးသားလုံခြုံရေးတပ်မှူးတစ်ဦးနှင့် ၎င်း၏နောက်လိုက် ၁၁ ဦးတို့သည် ယူကရိန်းပိုင်နက်ထဲသို့ ဖြတ်ကျော် ဝင်ရောက်ရန် ငြင်းဆန်ခဲ့ကြကြောင်း ရှေ့နေပါဗဲချီကော့ဗ်က အစောပိုင်းတွင် တယ်လီဂရမ်၌ ပို့စ်တင်ခဲ့သည်။ အဆိုပါအဖွဲ့သည် နိုင်ငံကူးလက်မှတ်များမရှိကြဘဲ ၎င်းတို့၏အလုပ်အကိုင်ဖော်ပြချက်ကို ရုရှားနိုင်ငံအတွင်း ကန့်သတ်ထားသဖြင့် တရားမဝင်ကြောင်း ပါဗဲချီကော့ဗ်က ၎င်း၏ပို့စ်တွင် ဆက်လက်ရေးသားခဲ့သည်။

“အဲဒီတုန်းက သူတို့တတွေက နိုင်ငံခြားလက်နက်ကိုင်အုပ်စုရဲ့တစိတ်တပိုင်းအနေနဲ့ တခြားနိုင်ငံထဲ ဝင်သွားရင် ဥပဒေချိုးဖောက်ရာကျမယ်လို့ ယုံကြည်နေတာဗျ” ဟု ၎င်းက ဖြည့်စွက်ရေးသားခဲ့သည်။ ပါဗဲချီကော့ဗ်၏ တယ်လီဂရမ် Account ကိုတော့ ရိုက်တာက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

အဆိုပါရုရှားစစ်မှုထမ်းများ ပစ်ခတ်ခံခဲ့ရပြီး ၎င်းတို့လိုလားချက် တောင်းဆိုမှု ပယ်ချခံခဲ့ရသဖြင့် တရားစွဲဆို၍ အမှုတင်သွင်းခဲ့ကြကြောင်း ရှေ့နေများက ပြောကြားခဲ့ကြသည်။

ရုရှားနိုင်ငံတွင် အကြမ်းဖက်ဝါဒနှင့် ရာဇဝတ်မှုများကို စနစ်တကျတိုက်ဖျက်ရန်အတွက် အမျိုးသားအစောင့် တပ်ဖွဲ့ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အဆိုပါတပ်ဖွဲ့သည် ထိုအချိန်မှစ၍ အစိုးရဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြမှုများကို နှိမ်နင်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၌ သမ္မတဗလာဒီမာပူတင် ဘယ်လာရုစ်ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်သည့်အခါ အသင့်အနေအထားရှိနေအောင် လက်နက်တပ်ဆင်ပေးခဲ့ကြောင်း ရိုက်တာသတင်း၌ ဖော်ပြထားသည်။

Source: Reuters