CNI International News

ဝါရှင်တန်၊ မတ်လ ၃၁

ယူကရိန်းတွင် ရုရှားတပ်၏စွမ်းဆောင်ရည်ညံ့ဖျင်းခြင်းနှင့်ပတ်သက်၍ ၎င်း၏အကြံပေးပုဂ္ဂိုလ်များက သမ္မတ ဗလာဒီမာပူတင်ကို လွဲမှားစွာ အစီရင်ခံခဲ့ကြကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိများ ကောက်ချက်ချ သည်ဟု အိမ်ဖြူတော်သတင်းထုတ်ပြန်ချက်ကို ကိုးကားလျက် အေပီက ရေးသားဖော်ပြသည်။

အမှန်အတိုင်း အစီရင်ခံရန်အတွက် ဗလာဒီမာပူတင်ကို အကြံပေးသူများက ထိတ်လန့်နေကြကြောင်း အမေရိကန် ထောက်လှမ်းရေးအရာရှိများက ဆက်လက်ပြောကြားခဲ့ကြသည်။

ပူတင်သည် ၎င်းထံသို့ ရောက်ရှိလာသော သတင်းအချက်အလက်များ၏အခြေအနေကို ကောင်းစွာသိရှိကြောင်း၊ ၎င်းနှင့်ရုရှားစစ်တပ်အဆင့်မြင့်အရာရှိများအကြား ယခုတလော အမြဲလိုလို တင်းမာမှုများ ရှိနေကြောင်း အမေရိကန်ထောက်လှမ်းရေးက တွေ့ရှိခဲ့ရသည်။

ပူတင်သည် စစ်တပ်စွမ်းဆောင်ရည်ဘက်သာမကဘဲ ရုရှားစီးပွားရေး ပိတ်ဆို့ခံရခြင်းဘက်တွင်ပါ မည်သို့အားနည်း ချက်များဖြစ်ပေါ်နေကြောင်း ကိုင်တွယ်စီမံရာ၌ ရေလိုက်လွဲနေသည်ဟု အမေရိကန်ဘက်မှ သိရှိထားပုံကို အိမ်ဖြူတော်ဆက်သွယ်ရေးညွှန်ကြားရေးမှူး ကိတ်ဘက်ဒင်းဖီးလ်က မတ်လ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်ထောက်လှမ်းရေးအချက်အလက်များကို မှတ်ချက်ပေးရန် မဖြစ်နိုင်ကြောင်း အစောပိုင်း၌ သမ္မတ ဂျိုးဘိုင်ဒန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

သွေးထွက်သံယိုမှုနှုန်းမြင့်ခဲ့သော ယခုစစ်ပွဲတွင် ယူကရိန်းတပ်ဖွဲ့များနှင့် စေတနာ့ဝန်ထမ်းတိုက်ခိုက်ရေးသမား များက ယခင်ကလို ထင်မှတ်မထားခဲ့သော ရဲရင့်စွန့်စားမှုများဖြင့် ကာကွယ်ရေးယန္တရားကိုလည်ပတ်ခဲ့သည့် အတွက် ရုရှားတပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျဆင်းမှုနှင့်အတူ ထိခိုက်သေကြေခဲ့ကြသည်။

သို့သော် ဆိုဗီယက်ယူနီယံခေတ်က ရုရှားဂုဏ်သိက္ခာကို ပြန်လည်ရရှိလိုသည့် အနိုင်ယူလိုသောဆန္ဒများမှာ ယခု စစ်ပွဲတွင် ထင်ဟပ်နေကြောင်း အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။

ထိုအတောအတွင်း ဘိုင်ဒန်သည် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးထံသို့ ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ အကူအညီများ ပေးအပ်ခဲ့သည်။
ကရင်မလင်သမ္မတနန်းတော်အတွင်း တက်ကြွသောအစိတ်အပိုင်းများက ပူတင်ထံသို့ ပွင့်ပွင့်လင်းလင်း ပြောဆို လိုစိတ်မရှိကြကြောင်း နောက်ဆုံးရထောက်လှမ်းရေးသတင်းများကို အခြေခံ၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကင်က ပြောကြားခဲ့သည်။ မတ်လ ၃၀ ရက်၌ အယ်လ်ဂျီးရီးယားနိုင်ငံသို့ ဘလင်ကင် ရောက်ရှိ စဉ် သတင်းထောက်များနှင့်တွေ့ဆုံရာ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Source: AP