CNI International News

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁၆

ရုရှားနှင့် ယူကရိန်းအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်တိုင် ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များ သည် ယူကရိန်းအား EU အဖွဲ့ဝင် ဖြစ်ရေးအတွက် ဆွေးနွေးမှုများကို လမ်းဖွင့်ပေးရန် သဘောတူညီမှု ရရှိခဲ့ ကြောင်း Japan Times မှ ဖော်ပြခဲ့သည်။

သို့သော် ဟန်ဂေရီနိုင်ငံ၏ ကန့်ကွက်မှုကြောင့် EU သည် ယူကရိန်းအတွက် ငွေကြေး အထောက်အပံ့ ယူရို ၅၀ ဘီလျံ ကူညီပေးမည့် အစီအစဉ်အတွက် သဘောတူညီမှု ရရှိနိုင်ဖွယ် မရှိပေ။

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussels) မြို့တွင် ပြုလုပ်သည့် EU ညီလာခံတွင် ယူကရိန်းအား ငွေကြေး အကူအညီပေးမည့် အစီအစဉ်အား ကန့်ကွက်နေသည့် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Viktor Orban) အား အစည်းအဝေးခန်းမထဲမှ ထွက်ခွာခွင့် ပြုခဲ့သည်။

သို့သော် EU ခေါင်းဆောင်များသည် ရုရှားနှင့် နီးစပ်သည့် ဆက်ဆံရေးရှိသည့် ဟန်ဂေရီဝန်ကြီးချုပ် အော်ဘန်၏ ဆန့်ကျင်ကန့်ကွက်မှုများကို ကျော်လွှားနိုင်ခဲ့ခြင်း မရှိပေ။

ယူကရိန်းအား ငွေကြေး အကူအညီပေးရန် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံစလုံး၏ တစ်ညီတစ်ညွတ်တည်း ထောက်ခံမှုကို လိုအပ်သဖြင့် ဟန်ဂေရီနိုင်ငံက ကန့်ကွက်မှုကြောင့် ထိုအကူအညီပေးရေး အစီအစဉ်အပေါ် သဘောတူညီမှုမရဘဲ အစည်းအဝေးကို အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။

ဟန်ဂေရီ ဝန်ကြီးချုပ် အော်ဘန်ကို တွေ့ရစဉ်

ဟန်ဂေရီနိုင်ငံမှလွဲပြီး EU အဖွဲ့ဝင် ၂၇ နိုင်ငံတွင် ကျန် ၂၆ နိုင်ငံမှ ခေါင်းဆောင်များက ယူကရိန်းအား အကူအညီ ပေးရန် သဘောတူခဲ့ကြောင်း မိမိတို့အနေနှင့် အချိန်ရှိသေးကြောင်း၊ ယူကရိန်းသည် လာမည့် သီတင်းပတ် အနည်း ငယ်အထိ ငွေကြေးပြတ်လပ်သွားမည် မဟုတ်ကြောင်း နယ်သာလန် ဝန်ကြီးချုပ် မာ့ခ် ရူတီ (Mark Rutte) က အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဟန်ဂေရီ ဝန်ကြီးချုပ် အော်ဘန်ကမူ ယူကရိန်းအနေနှင့် EU ၏ ဘတ်ဂျက်ထဲမှ များပြားသည့် ငွေပမာဏကို ရရှိခြင်း မရှိသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယူကရိန်းသည် EU အဖွဲ့ဝင် မဟုတ်သောကြောင့် ဖြစ်ကြောင်း နှင့် အခြား EU ခေါင်းဆောင်များအနေဖြင့် ယူကရိန်းကို အကူအညီပေးလိုပါက EU ဘတ်ဂျက်ထဲမှ မဟုတ်ဘဲ ကိုယ့််နည်းကိုယ်ဟန်ဖြင့် အကူအညီပေးသင့်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်လွှတ်တော်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)၏ ဒေါ်လာ ၆၀ ဘီလျံတန်ဖိုးရှိ အကူ အညီပေးရေး အစီအစဉ်သည် ရီပတ်ဘလစ်ကန်အမတ်များ၏ ပိတ်ဆို့မှုကြောင့် နှောင့်နှေးကြန့်ကြာ နေချိန်တွင် EU ၌ ယူကရိန်းအား ငွေကြေး အကူအညီပေးရေး အစီအစဉ်သည်လည်း နှောင့်နှေးကြန့်ကြာခဲ့ခြင်းဖြစ်သည်။

Source: Japan Times