CNI News

၂၀၂၂ ခုနှစ်၊ မေလ ၁၆

ရက္ခိုင့်တပ်တော် (AA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ယနေ့ (မေလ ၁၆ ရက်) နံနက်ပိုင်းက အွန်လိုင်းမှတဆင့် ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း NUG မှ ထုတ်ပြန်ခဲ့သည်။

AA မှ တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်သည့် ကိုယ်စား လှယ် အဖွဲ့နှင့် NUG မှ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒေါ်ဇင်မာအောင်၊ ဦးမင်းကိုနိုင်တို့ ပါသည့် ကိုယ်စားလှယ်အဖွဲ့တို့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေသည့် နိုင်ငံရေး အခြေအနေများ၊ တိုင်းပြည်၏ အခြေအနေများကို နှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း၊ ထို့အတူ NUG မှ လက်ရှိ လုပ်ဆောင်လျက်ရှိသော အခြေအနေများ၊ အခင်းအကျင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဆွေးနွေးခဲ့ကြကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော် (AA)မှ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။