CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၁

လက်ရှိ ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးရန် တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းထက် ကောင်းသည့် လမ်းကြောင်းမရှိတော့ကြောင်း ပလောင်နိုင်ငံရေးသမား မိုင်းအုဏ်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။

တွေ့ဆုံဆွေးနွေးမှုမှာ နောက်ကျသည်ဟု မရှိကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာနိုင်ရေး လမ်းကြောင်းများ ဖွင့်ပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

မိုင်းအုမ်းခိုင်က “တွေ့ဆုံဆွေးနွေးမှုကတော့ ကျနော့်အမြင် ပြောပြတာနော်၊ တွေ့ဆုံဆွေးနွေးမှုကတော့ စောစော ပြုလုပ်နိုင်လေ၊ ပါဝင်နိုင်တဲ့ ပုဂ္ဂိုလ်တွေကို ပါဝင်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးနိုင်ရင် အကောင်းဆုံးပဲ၊ ဆွေးနွေး မှုကတော့ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိဘူးလေ။ အခုကျနော်တို့ အားလုံးက နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး၊ အကုန်လုံးက ရှင်းရှင်း ပြောရရင် ဆုတ်ယုတ်လာတဲ့ အနေအထားမျိုး ကျနော်တို့ ရှိနေတာပေါ့လေ၊ စီးပွား‌ရေး တွေ ကောင်းအောင် အရင်လုပ်ရမယ်၊ အဓိကကတော့ တရားဥပဒေစိုးမိုးရေးပေါ့ဗျာ၊ တရားဥပဒေစိုးမိုးရေး အရင် လုပ်မယ်၊ တည်ငြိမ်ရေးကို ဝိုင်းဝန်းပြီးမှ ဆောင်ရွက်ဖို့တော့ လိုတာပေါ့၊ ပါဝင်ဖို့က‌တော့ လိုတာပေါ့။ အဲဒီ‌တော့ တည်ငြိမ်မှု မရှိဘူးဆိုရင်လည်း ကျန်တဲ့အပိုင်းတွေက ဆောင်ရွက်ဖို့ရာ အခက်အခဲ အများကြီးရှိတာပေါ့၊ အဓိက တော့ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေး ခုနပြောတဲ့ တွေ့ဆုံဆွေးနွေးနိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရရှိဖို့ ဖန်တီးပေးရေးဟာ အဓိက အချက်တွေပေါ့၊ အဲဒီတော့ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ လမ်းကြောင်းက လွဲလို့ ဒီထက်ကောင်းတဲ့ လမ်းကြောင်း မရှိတော့ဘူးလေ၊ တစ်ဖက်နဲ့ တစ်ဖက် အနိုင်တိုက်မယ်ဆိုတာမျိုးကလည်း ဒါ ဖြတ်သန်းလာခဲ့ပြီးပြီ၊ အကောင်းဆုံးကတော့ တွေ့ဆုံညှိနှိုင်း အဖြေရှာဖို့ အရေးကြီးတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

 တပ်မတော်ကို ဆန့်ကျင် ကန့်ကွက်နေကြစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရမှ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်း ဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ ဖြုတ်ချခဲ့သည်။

ထို့နောက် တပ်မတော်ကို ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင် တော်လှန်ရေးအား ဒီမိုကရေစီအင်အားစုများ က ဆင်နွှဲလျက်ရှိနေသည်။

လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ နစကနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ တွေ့ဆုံဆွေးနွေးရေးမှာ မဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မဖြစ်နိုင်ပါဘူး။ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါက ပြောရလို့ရှိရင် သူတို့က ဒီလို ဆွေးနွေးမှုဆိုတဲ့ အပိုင်းကို တောင်မှ စိတ်ရှိတာ မရှိတာဆိုတာထက် သူတို့က ဆွေးနွေးမယ်ဆိုရင်ရော ဒီ NUG က ဒီ PDF တွေအကုန်လုံးကို ကိုယ်စားပြုသလားဆိုတဲ့ မေးခွန်းမေးဖို့ လိုလာတာပေါ့နော်၊ အဲဒီလို ကိုယ်စားမပြုဘူး။ သူက ပြုတယ်လို့ ပြောရင် လည်းပဲ ဟုတ်တယ်၊ ပြုတာတော့ ပြုတယ်ပေါ့ထားပါ၊ ဘယ်သူမှ သူ့စကားလည်း နားမထောင်ဘူး။ RCSS က ဦးယွက်စစ်ကြီး ပြောသလိုပေါ့နော်၊ တစ်ယောက်တစ်ပေါက် တစ်ယောက်တစ်ပေါက်တွေ ဘယ်လိုမှ သူ့စကား နားထောင်လို့လည်း မရဘူး။ အဲဒီတော့ ဒါကြီးက မဖြစ်နိုင်ဘူးလေ” ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် မြန်မာ့နိုင်ငံရေးမှ တပ်မတော် ထွက်ခွာပါက တွေ့ဆုံဆွေးနွေးမှု မှာ ဖြစ်လာနိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

NUG ကို ထောက်ခံကြောင်း ပြသနေကြစဉ်

ဦးသန်းစိုးနိုင်က “တွေ့ဆုံဆွေးနွေးပွဲကတော့ ဖြစ်နေတဲ့ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းပေါ့၊ အဆုံးသတ်တဲ့ပွဲ ကိုတော့ ဒါကြောင့်မို့ တွေ့ဆုံဆွေးနွေးရေး လိုအပ်ပါတယ်။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ ဒီအကြမ်းဖက်မှု ကျူးလွန်နေတဲ့ လူနဲ့ ခံရတဲ့ ပြည်သူလူထုကြားထဲမှာ တန်းတူရည်တူ ဆွေးနွေးလို့ မရပါဘူး။ ဒုတိယကမ္ဘာစစ်တုန်း က ဂျပန်ကို တက်ပြီး မဟာမိတ်တွေက သိမ်းဖို့ လုပ်တဲ့အချိန်မှာ တွေ့ဆုံဆွေးနွေးပွဲဆိုတာ လုပ်လို့မရပါဘူး။ အဏုမြူဗုံးကြဲပြီးမှ သူက လက်နက်ချတာပါ၊ အလားတူပဲ တွေ့ဆုံဆွေးနွေးမှုနဲ့ အဆုံးသတ်မယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ အင်အားချိန်ခွင်လျှာမှာ ကျနော်တို့ ပြည်သူတွေက အသားစီးရအောင် လုပ်ရတဲ့ အခြေအနေအောက်မှာ စစ်အုပ်စုကို တောင်းဆိုရမှာပါ၊ ကျနော်တို့ တောင်းဆိုရမှာတွေကတော့ တစ်ခုက ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို ဖျက်သိမ်းပေးဖို့၊ နောက်တစ်ခုကတော့ နိုင်ငံရေးကနေပြီးတော့ ဗမာပြည်နိုင်ငံရေးကနေပြီးတော့ စစ်တပ် လုံးဝ ထွက်ခွာ ပေးဖို့။ အဲဒီနှစ်ချက် ရနိုင်မယ်ဆိုရင်တော့ ဆွေးနွေးပွဲက ဖြစ်မြောက်နိုင်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် တော့ တစ်ဖက်ဖက်က အနိုင်ရဖို့အတွက် ပြတ်ပြတ်သားသား ဆက်ပြီး တိုက်ခိုက်ကြလိမ့်မယ်လို့ ကျနော်ကတော့ ယူဆပါတယ်” ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်အသီးသီး၏ ၂၅ ရာခိုင်နှုန်းကို ရယူပိုင်ခွင့်ရှိနေပြီး လက်ရှိတွင်လည်း နစကကို ဖွဲ့စည်းကာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသည့် ယန္တရားများကို လည်ပတ်လျက်ရှိသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီအတွင်းက ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အပြောင်းအလဲကြောင့် လက်ရှိပြည်တွင်းတွင် နိုင်ငံ ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်များမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။