CNI International News

ကိယတ်ဗ်၊ ဧပြီ ၂၁

ယူကရိန်းတွင် နေတိုးအဖွဲ့ဝင်ဖြစ်ရန် အခွင့်အရေးရှိကြောင်း၊ ယူကရိန်းသို့ အထောက်အပံ့များ ပိုမိုလုပ်ဆောင် သွားမည်ဖြစ်ကြောင်း နေတိုးအဖွဲ့အကြီးအကဲ ဂျန်းစ်စတိုတန်ဘာ့ဂျ် (Jens Stoltenberg)က ကြာသပတေးနေ့ တွင် ပြောခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

တစ်နှစ်ကျော်ကြာ ယူကရိန်းစစ်ပွဲအတွင်း ပထမဆုံးအဖြစ် ယူကရိန်းမြေသို့ လာရောက်ခဲ့ပြီးနောက် ထိုသို့ ပြောဆို ခဲ့ခြင်း ဖြစ်သည်။

စတိုတန်ဘာ့ဂျ်၏ ခရီးစဉ်တွင် ယူကရိန်းသမ္မတ ဇာလန်းစကီး(Zelenskyy)က စစ်လေယာဉ်များ၊ အမြောက်များ နှင့် တခြားသော စစ်ဖက်သုံး ကိရိယာများ ထပ်မံထောက်ပံ့ပေးရေး တောင်းဆိုပေးရန်လည်း တိုက်တွန်းခဲ့သည်။
ရုရှားသည် ယူကရိန်းအား ကျူးကျော်မှုနှင့် ပတ်သက်၍ အကြောင်းပြချက်များစွာ ပေးခဲ့သော်လည်း နေတိုးအဖွဲ့ တွင်းသို့ ယူကရိန်း ဝင်ရောက်ခြင်းကို တားဆီးရန်သည် ယူကရိန်းသို့ ကျူးကျော်ရခြင်း၏ အဓိကရည်ရွယ်ချက် တစ်ခု ဖြစ်သည်ဟု ကြာသပတေးနေ့တွင် ထပ်မံပြောကြားခဲ့သည်။

ယူကရိန်းစစ်သားများကို ရဟတ်ယာဉ်တစ်စီးနဲ့တွေ့ရစဉ်

ယူကရိန်း နေတိုးအဖွဲ့ဝင်ဖြစ်ခြင်းသည် ရုရှားအတွက် ခြိမ်းခြောက်မှုကို ဖြစ်စေသည်ဟုလည်း ပြောသည်။

တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ယူကရိန်းသည် နေတိုးအဖွဲ့ဝင် ဖြစ်လိမ့်မည်ဟု နေတိုးခေါင်းဆောင်များက ၂၀၀၈ ခုနှစ်တွင် ပြောဆိုခဲ့ခြင်းအပြင် စတိုတန်ဘာ့ဂျ်ကလည်း ယူကရိန်းစစ်ပွဲတစ်လျှောက်လုံး ထိုသို့ ပြောဆိုမှု ရှိခဲ့သော် လည်း လက်ရှိအချိန်ထိ နေတိုးအဖွဲ့ဘက်မှ ယူကရိန်း၏ အဖွဲ့ဝင်ဖြစ်မှုနှင့် ပတ်သက်သည့် အချိန် သတ်မှတ်ချက် သို့မဟုတ် လမ်းကြောင်းကို ချပြခဲ့ခြင်း မရှိသေးပေ။

ယူကရိန်းသည် နေတိုးအဖွဲ့ဝင် ဖြစ်ထိုက်သည့် နိုင်ငံဖြစ်ကြောင်း စတိုတန်ဘာ့ဂျ်က သတင်းစာ ရှင်းလင်းပွဲ တစ်ခု တွင် ပြောခဲ့သည်။

လာမည့် ဇူလိုင်လ၌ လစ်သူယေးနီးယားတွင် ကျင်းပမည့် နေတိုး ညီလာခံသို့ ဖိတ်ကြားခံရခြင်းအတွက် ဂုဏ်ယူ မိသည်ဟု ယူကရိန်းသမ္မတ ဇာလန်းစကီးက ပြောခဲ့သော်လည်း ၎င်းတို့နိုင်ငံအနေဖြင့် နေတိုးအဖွဲ့ဝင် ဖြစ်ရေး လမ်းပြမြေပုံတစ်ခု လိုအပ်သည်ဟု ပြောသည်။

ခရီးစဉ်အတွင်း နေတိုး အကြီးအကဲသည် ယူကရိန်းသို့ နေတိုး ထောက်ပံ့ရေး စီမံကိန်းတစ်ခုနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။

ယူကရိန်းတပ်ဖွဲ့က တင့်ကားဖြင့် ပစ်ခတ်နေစဉ်

ထောက်ပံ့ရေး အစီအစဉ်က ယူကရိန်းအတွက် ဆိုဗီယက်ကိရိယာများမှ နေတိုးအဖွဲ့၏ သတ်မှတ်ချက်နှင့် ကိုက်ညီ သော ကိရိယာများအဖြစ်သို့ ပြောင်းလဲစေမည်ဖြစ်ကြောင်း စတိုတန်ဘာ့ဂျ်က ပြောသည်။

ထို့နောက် နေတိုးအဖွဲ့သည် ယူကရိန်းဘက်မှ ထာဝရ ရပ်တည်သွားမည်ဟု ပြောသည်။

ဒိန်းမတ်နှင့် နယ်သာလန်တို့၏ ယူကရိန်းသို့ Leopard 2 တင့်ကား နောက်ထပ် အနည်းဆုံး ၁၄ စင်း ထပ်မံ ပို့ဆောင်ပေးမည့် အစီအစဉ်ကိုလည်း ၎င်းက ကြာသပတေးနေ့တွင် ပြောသည်။

နိုင်ငံများအနေဖြင့် ယူကရိန်းသို့ ခိုင်မာသော စစ်ဘက်ဆိုင်ရာ ကူညီထောက်ပံ့မှုများ နှင့်ပတ်သက်၍ သောကြာနေ့ ဂျာမနီ အစည်းအဝေးတွင် ထုတ်ဖော် ပြောဆိုကြလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြော ဆိုခဲ့သည်။

Source: AP