CNI International News

မင့်ခ်၊ ဧပြီ ၂၁

ဘယ်လာရုစ်နှင့် ရုရှားတို့သည် ယူကရိန်းပဋိပက္ခမှတစ်ဆင့် တတိယကမ္ဘာစစ် အခြေအနေသို့ ဆွဲခေါ်နေသော ခေတ်သစ်နာဇီများ သို့မဟုတ် တခြားသော အဖျက်အင်အားစုများ၏ မည်သည့် ဗျူဟာမျိုးကိုမဆို အတူတကွ ကြံ့ခိုင်စွာ ရပ်တည်နိုင်ကြောင်း ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko) က ရုရှားအုပ်ချုပ်ရေးမှူးကို ပြောခဲ့သည်ဟု တာ့စ်သတင်းတွင် ဖော်ပြထားသည်။

နာဇီများ၊ ဖက်ဆစ်များနှင့် တခြားသော အဖျက်အင်အားစုများက သမိုင်းကို ပြန်လည်ရေးသားရန်၊ အောင်မြင်မှု ဆီသို့ ပူးပေါင်း ဆောင်ရွက်ခြင်းကို ငြင်းပယ်ရန်နှင့် ၎င်းတို့၏ ရာဇဝတ်လုပ်ရပ်များကို မှန်ကန်ကြောင်း ပြသရန် အတွက် ကြိုးစားနေသည်ကို မြင်တွေ့နေရကြောင်း လူကာရှန်ကိုက ဘယ်လာရုစ်သို့ အလည်အပတ် ရောက်ရှိ နေသည့် စိန့်ပီတာစဘတ်(St. Petersburg)မြို့ အုပ်ချုပ်ရေးမှူး အလက်ဇန္ဒား ဘဂ်လော့ဗ် (Alexander Beglov) ကို ပြောသည်။

အလက်ဇန္ဒား လူကာရှန်ကိုနဲ့အလက်ဇန္ဒား ဘဂ်လော့ဗ်ကို တွေ့ရစဉ်

၎င်းတို့သည် ယူကရိန်း ပဋိပက္ခမှတစ်ဆင့် တတိယကမ္ဘာစစ်ဆီသို့ ဆွဲခေါ်နေကြောင်း၊ ၎င်းတို့အနေဖြင့် ဘယ်လာရုစ်နှင့် ရုရှားနိုင်ငံတို့အား ဖျက်ဆီးရန် ကြိုးပမ်းနေသော်လည် မအောင်မြင်ကြောင်း လူကာရှန်ကိုက ပြောသည်။

စိန့်ပီတာစဘတ်နှင့် ဘယ်လာရုစ်တို့ ကဲ့သို့ မည်သည့် နေရာမှ စစ်၏ ဆိုးကျိုးကို ခံစားခဲ့ဖူးခြင်း မရှိကြောင်းလည်း ဘယ်လာရုစ်ခေါင်းဆောင်က ပြောသည်။

ဘယ်လာရုစ်နှင့် ရုရှားတို့အနေဖြင့် ညီအစ်ကိုရင်းကဲ့သို့ ပေါင်းစည်းမှုကို ခိုင်မာအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး ထိုကဲ့သို့သော ပေါင်းစည်းမှုက ဓနသဟာရ နိုင်ငံများနှင့် တခြားသော နိုင်ငံများအတွက် လွတ်လပ်မှု၊ အမှန်တရား တို့အတွက် ခံတပ်ဖြစ်ကြောင်းလည်း လူကာရှန်ကိုက ဆက်လက် ပြောကြားခဲ့သည်။

Source: တာ့စ်