CNI International News

ကိယက်ဗ်၊ ဩဂုတ် ၄

ယူကရိန်းကို ရုရှားကျူးကျော်မှုအား တုံ့ပြန်သည့်အနေဖြင့် မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့(နေတိုး)တပ်ဖွဲ့များ အထင် ရှားဆုံး ချဲ့ထွင် ပြောင်းရွှေ့နေစဉ်အတွင်း သမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီး၏ ဇာတိမြို့ဖြစ်သော ခယိုင်ဗာရိုင်ရာရေ့ချ်မြို့ကို ရုရှားစစ်ရေးမြှင့်တင် တိုက်ခိုက်နေကြောင်း ယူကရိန်းက ပြောကြားသည်ဟု ရိုက်တာသတင်းတွင် တွေ့ရသည်။

အဖွဲ့ဝင်နိုင်ငံ ၃၀ ရှိသွားပြီဖြစ်သည့် နေတိုးထဲသို့ ဖင်လန်နှင့်ဆွီဒင် ပါဝင်ခွင့်ကို အမေရိကန် အထက်လွှတ်တော် (ဆီးနိတ်)နှင့် အီတလီလွှတ်တော်တို့က ဩဂုတ် ၃ ရက်တွင် ခွင့်ပြုခဲ့သည်။

နေတိုးအဖွဲ့ဝင် ဖြစ်ရေးအတွက် အဖွဲ့ဝင် နိုင်ငံအားလုံးက အတည်ပြု ပေးရမည်ဖြစ်ပြီး အဖွဲ့အတွင်း သတ်မှတ်ချက်အရ အဖွဲ့ဝင် တစ်နိုင်ငံကို တိုက်ခိုက်ပါက အားလုံးအပေါ် တိုက်ခိုက်ခြင်းဟု ခံယူသည်။

“ဒီလို လွှတ်တော် သမိုင်းဝင် ထောက်ခံမဲပေးတာဟာ နေတိုးအပေါ် တည်တံ့ခိုင်မြဲတဲ့ အဖွဲ့ဝင်သစ် နှစ်နိုင်ငံအတွက် အမေရိကန်ရဲ့ ကတိကဝတ်တွေ ပေးလိုက်တာ ဖြစ်ပါတယ်။ နေတိုးမဟာမိတ်အဖွဲ့ဟာ ဒီနေ့နဲ့ မနက်ဖြန်အတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်” ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာချက် တစ်စောင်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ယူကရိန်းသို့ ကျူးကျော်စစ် စတင်ခဲ့သည့် ရုရှားက ဖင်လန်နှင့်ဆွီဒင်တို့ နေတိုးအဖွဲ့ ထဲသို့ မဝင်ကြရန် အကြိမ်ကြိမ် သတိပေးခဲ့သေးသည်။

နေတိုး၊ ဆွီဒင်၊ ဖင်လန် ခေါင်းဆောင်များကိုတွေ့ရစဉ်(AFP)

နေတိုးအဖွဲ့ဝင် နိုင်ငံပေါင်း ၃၀ တို့သည် ပြီးခဲ့သည့်လတွင် အဖွဲ့ဝင်နိုင်ငံသစ်များ ဝင်ရောက်ခွင့်ပြုရေး သဘောတူညီချက်ကို စုပေါင်း လက်မှတ်ရေးထိုးခဲ့ရာ အတည်ပြုပြီးသည်နှင့် အမေရိကန်ဦးဆောင်သော နျူကလီးယား လက်နက်ကိုင် ဆောင်သည့် မဟာမိတ်အဖြစ် ယင်းနှစ်နိုင်ငံကို ပါဝင်ခွင့်ပြုခဲ့သည်။

အဆိုပါ အတည်ပြုချက် ရယူသည့်ကာလသည် တစ်နှစ်အထိ ကြာနိုင်သည်။

ရုရှားသည် စစ်ပွဲအတွက် ညှိနှိုင်းဖြေရှင်းမှုကို လိုလားနေပြီး မည်သည့် တွေ့ဆုံ ဆွေးနွေးခြင်းမဆို အပစ်အခတ်ရပ်စဲရေးနှင့် တပ်များ ပြန်ဆုတ်ပေးရေးတို့ ဆက်နွှယ်နေမည်ဟု ဂျာမနီဝန်ကြီးချုပ်ဟောင်း ဂါဟက်စခရိုအီဒါ၏ အဆိုပြုချက်များကို ယူကရိန်းက ဩဂုတ် ၃ ရက်တွင် ပယ်ချခဲ့သည်။

ယူကရိန်းသည် စစ်ပွဲ အဆုံးသတ်ရေးအတွက် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် တိုက်ရိုက် စကားပြောနိုင်မည့် အခွင့်အရေး ကို မျှော်လင့်နေကြောင်း ဆောက်ချိုင်းနားမောနင်းပို့စ် သတင်းစာက ဩဂုတ် ၄ ရက် (ယနေ့) ဖော်ပြခဲ့သည်။

“တရုတ်ဟာ အင်မတန် အားကောင်းတဲ့ နိုင်ငံပါ။ စီးပွားရေးလည်း အင်မတန် အင်အားကြီးပါတယ်။ ဒါကြောင့် ရုရှားအပေါ် နိုင်ငံရေးအရနဲ့ စီးပွားရေးအရ လွှမ်းမိုးနိုင်ပါတယ်။ နောက်ပြီး တရုတ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမြဲတမ်း အဖွဲ့ဝင် လည်း ဖြစ်ပါတယ်” ဟု ဇာလန်းစကီးက အဆိုပါ သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ထိုသတင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ ရိုက်တာက သဘောထား မှတ်ချက်ပေးရန် တောင်းခံခဲ့ သော်လည်း ချက်ချင်းတုံ့ပြန်မှု မရှိပါ။

Source: Reuters